စစ်ကိုင်းတိုင်း၊ ကောလင်းမြို့၊ တောင်မော်တိုက်နယ်ရှိ မြောင်းကြီးကျေးရွာကို နိုဝင်ဘာ ၄ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ် ၃၇ လုံး မီးလောင်ဆုံးရှုံး သွားခဲ့တယ်လို့ ဒေသခံတွေထံကသိရပါတယ်။
အင်အား ၇၀ လောက်ရှိ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းဟာ အဲဒီမနက် ၇ နာရီလောက်က မြောင်းကြီး ကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံ တဦးက "ရွာကို ဝင်ကတည်းက ပစ်ခတ်ပြီးဝင်လာတာ။ ဒေသခံပြည်သူတွေကတော့ စစ်ကြောင်းဝင်လာရင် ကြိုသိလို့ အရင်တိမ်းရှောင်ထားရတယ်။ ရွာက ပြန်အထွက်မှာ မီးရှို့သွားကြတာ။ မီးရှို့သွားတဲ့ စကစစစ်ကြောင်းက ကိုးတောင်ဘို့ဘက်ကနေ လာတဲ့ စစ်ကြောင်းဖြစ်ဖို့ များတယ် " လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဟာ ကျေးရွာကို မီးရှို့အပြီး ပြန်လည်ထွက်ခွာရာမှာလည်း ပစ်ခတ်တာတွေ ရှိခဲ့ပြီး ကောလင်းမြို့ထဲကို ပြန်ဝင်သွားခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ ကျေးရွာပြည်သူတွေအနေနဲ့ ဘေးလွတ်ရာ ကျေးရွာများနဲ့ ဘုန်းကြီးကျောင်းများမှာ ခိုလှုံနေကြရပါတယ်။
ဩဂုတ်လကစလို့ စစ်ကောင်စီတပ်ဖွဲ့ဟာ ကောလင်းနဲ့ ကန့်ဘလူမြို့နယ်အစပ်ရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ကာ နေအိမ်မီးရှို့တာတွေနဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ လုပ်လေ့ရှိတယ်လို့ သိရပါတယ်။