DVB Logo
Home
မြန်မာသတင်း
ကျောက်တော်တွင် စစ်ရေယာဥ် ၂ စီးကို အေအေတိုက်ခိုက်၊ စစ်တပ်က ပစ်ခတ်သဖြင့် ရွာသား ၅ ဦး ဒဏ်ရာရ
DVB
·
November 4, 2022
ကျောက်တော်တွင် စစ်ရေယာဥ် ၂ စီးကို အေအေတိုက်ခိုက်၊ စစ်တပ်က ပစ်ခတ်သဖြင့် ရွာသား ၅ ဦး ဒဏ်ရာရ
Donate to DVB

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ စစ်ကောင်စီ ရေယာဥ် နှစ်စီးကို နိုဝင်ဘာ ၄ ရက် မနက်ပိုင်းက ရက္ခိုင့်တပ်တော်(အေအေ)တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီက ပြန်လည် ပစ်ခတ်တာ ကြောင့် အရပ်သား ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ကျောက်တော်မြို့ခံတဦးက ပြောပါတယ်။

စစ်ကောင်စီရေယာဥ်နှစ်စီးဟာ စစ်တွေကနေ ကျောက်တော်ကို မောင်းနှင်လာစဉ် ကျောက်တော်မြို့ သကြားစက်မော်စွန်းမှာ တိုက်ခိုက်ခံရတာလို့ ဆိုပါတယ်။

“ဒီနေ့မနက်ပိုင်းက သကြားစက်မော်စွန်းမှာ စစ်ကောင်စီ ရေယာဥ်နှစ်စီးကို အေအေက တိုက်ခိုက်ခဲ့တာရှိတယ်။ အဲဒီရေယာဥ်တွေက စစ်တွေကနေ ကျောက်တော်ဘက်ကို တက်လာတာပေါ့။ အဲဒီ သကြားစက်မော်စွန်းမှာ တိုက်ခိုက်ခံရတာ။ တိုက်ခိုက်ခံရပြီး စစ်ကောင်စီရေယာဥ်က လက်နက်ငယ်တွေနဲ့ အဆက်မပြတ် ပစ်ခတ်တော့တယ်။ နှစ်ဖက်အထိအခိုက်တော့ မသိရသေးဘူး။ စကခ-၉ နဲ့ ခမရ ၃၇၃ ကလည်း လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ခတ်နေတုန်းပဲ။”

စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ကျောက်တော်မြို့နယ် ရွှေပြည်ရွာက အမျိုးသားနှစ်ယောက်၊ အမျိုးသမီးနှစ်ယောက်နဲ့ ပိုက်သည်ရပ်က လူငယ် တယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကျေးရွာသားတယောက်က ပြောပါတယ်။

“စကခ-၉ နဲ့ ခမရ ၃၇၃ က အခုထိ လက်နက်ကြီးတွေ ပစ်နေတုန်းပဲ။ ရွှေပြည်ရွာမှာ လက်နက်ကြီးကျပြီးတော့ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်။ အသက် ၈၀ အရွယ် အဘိုးကတော့ ဒဏ်ရာတော်တော်‌လေးကို ပြင်းထန်တယ်။ ကျန်တဲ့ ၃ ဦးကတော့ သိပ်တော့မစိုးရိမ်ရဘူး။ နောက်ပိုက်သည်က မွတ်စလင်လူငယ်တယောက်လည်း လက်နက်ကြီးကျည်ကျပြီး ဒဏ်ရာရသွားတယ်။”

လက်နက်ကြီးကျည်ကျပြီး ထိခိုက်ဒဏ်ရာရသွားသူတွေကတော့ ရွှေပြည်ရွာသစ်က ဦးမောင်တူ (၈၀ နှစ်)၊​ ကိုနိုင်နိုင်ဦး (၃၁ နှစ်)၊ မခိုင်ခိုင်မိုး (၃၂ နှစ်)၊ မမိုးမိုးရီ (၂၂ နှစ်)၊ မြင်းကပ်ကျေးရွာက မအေးသိန်ယဉ် (၂၅ နှစ်) နဲ့ ပိုက်သည်ရပ်က မွတ်စလင်လူငယ် တယောက်တို့ ဖြစ်ကြပါတယ်။

ရက္ခိုင့်တပ်တော် (အေအေ) နဲ့ နီးစပ်သူတယောက်က “အဲဒီဇက်ရေယာဥ်တွေဟာ ကျောက်တော်အခြေစိုက် စခက-၉ တပ်ကို လာတဲ့အချိန်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ ရေယာဥ်ပေါ်ကနေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်လို့ ခေါင်းတုတ်ရွာ၊ ရွှေပြည်သစ်ရွာ အပါအဝင် ကျေးရွာတွေကို လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲခဲ့တယ်” လို့ ပြောပါတယ်။

နဂရာကျေးရွာ ဒေသခံတယောက်က “ကျောက်တော်သကြားစက်နား ကုလားတန်မြစ်ထဲမှာ ဒီနေ့မနက်ပိုင်းမှာ လက်နက်ကြီး လက်နက်ငယ်တွေ ပစ်ခတ်သံတွေ ဆူညံနေတယ်ဗျ။ တိုက်ပွဲဖြစ်နေတယ်လို့ ယူဆရတယ်။ အခု မနက်ပိုင်း ၁၁ နာရီလောက်အထိ ပစ်ခတ်သံတွေ ကြားနေရတုန်းပဲ” လို့ ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း ထိခိုက်သေဆုံးတဲ့ အခြေအနေကို စစ်ကောင်စီဘက်ကလည်း မထုတ်ပြန်သေးသလို ရက္ခိုင့်တပ်တော် (အေအေ) ဘက်ကလည်း သတင်းမထုတ်ပြန်သေးပါဘူး။

ကျောက်တော်မြို့နယ် ရုပ်သားရွာနားမှာလည်း အောက်တိုဘာ ၂၉ ရက် မနက်ပိုင်းက စခက-၉ လက်အောက်ခံ ခမရ-၃၇၄ တပ်ရင်းနဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ တိုက်ပွဲမှာလည်း စစ်ကောင်စီဘက်က ၅ ယောက်သေဆုံးပြီး ဒဏ်ရာရသူတချို့ ရှိတယ်လို့ ရက္ခိုင့်တပ်တော် (အေအေ) က နိုဝင်ဘာ ၁ ရက်နေ့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013