Home
မြန်မာသတင်း
ရေးမြို့နယ်တွင် လူငယ်များအကြား ဘိန်းစာရွက်နှင့် စိတ်ကြွဆေးသုံးစွဲမှု ပိုများလာ
DVB
·
November 4, 2022
314011475_439939011634202_5307750444835170220_n

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ကျေးလက်ဒေသတွေမှာ မူးယစ်ဆေးဝါးသုံးစွဲမှု ပိုမိုမြင့်တက်လာသလို ဖြန့်ဖြူးရောင်းချသူတွေပါ တနေ့တခြား ပိုများလာတာကြောင့် လူမှုပတ်ဝန်းကျင်အတွက် ထိခိုက်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “မူးယစ်ဆေးသုံးစွဲသူတွေဟာ ဆယ်ကျော်သက်ကနေစပြီး သုံးစွဲလာခဲ့တာ ပတ်ဝန်းကျင်မှာ တွေ့နေရတယ်။ နယ်ကျေးရွာဘက်တွေဆို ဘိန်းစာရွက်တွေကို အလှူပွဲ မင်္ဂလာပွဲတွေအထိ လူငယ်တွေကို ဧည့်ခံတဲ့နေရာမှာ သုံးစွဲလာတာကိုကြည့်ရင် လူငယ်တွေရဲ့ အနာဂတ်က စိုးရိမ်ရတယ်” လို့ ပြောပါတယ်။

ရေးမြို့နယ်အပြင် မွန်ပြည်နယ်က နယ်မြို့ မွန်ရွာတွေဘက်မှာ စိတ်ကြွဆေးဝါးအပြင် ဘိန်းစာရွက်တွေကို ပိုမိုသုံးစွဲလာနေတာပါ။

စစ်တပ်အာဏာသိမ်းပြီးနောက် အလုပ်အကိုင် အခွင့်အလမ်း ရှားပါးလာတာရယ် မူးယစ်ဆေးဝါးတွေကို အလွယ်တကူ ဝယ်ယူရရှိနေတဲ့အတွက် သုံးစွဲမှု မြင့်တက်လာရတာလို့ ဆိုပါတယ်။

မူးယစ်ဆေးဝါး ရောင်းချမှုတွေမှာလည်း စစ်ကောင်စီလက်အောက်ခံ စစ်တပ်၊ ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်ပက်သက် ဆက်နွှယ်နေတာနဲ့ပတ်သက်ပြီး သံသယမကင်းဘူးလို့ မူးယစ်ဆေးဝါးအရေး တက်ကြွလှုပ်ရှားနေသူတွေက ပြောပါတယ်။

စစ်ကောင်စီလက်ထက်မှာ မူးယစ်ဆေး သုံးစွဲရောင်းဝယ်သူကို ဖမ်းဆီးမှုတွေရှိပေမဲ့ အဓိက သယ်ယူရောင်းဝယ်တဲ့သူတွေကို ပိုပြီး ထိထိ‌ရောက်ရောက် ဖမ်းဆီးမှု နည်းပါးနေတယ်လို့ မူးယစ်ဆေးဝါးအရေး တက်ကြွလှုပ်ရှားနေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ဝေဖန်ထောက်ပြထားပါတယ်။

မူးယစ်ဆေးဝါးတွေဖြစ်တဲ့ စိတ်ကြွဆေးပြား၊ WY နဲ့ ဘိန်းစာရွက်တွေကို အဓိက အသုံးပြုနေကြသလို မူးယစ်ဆေးဝါး အများဆုံးဝင်ရောက်တဲ့နေရာဟာ ထိုင်း-မြန်မာ နယ်စပ်ဘက်တွေက ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024