
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့၊ ရပ်ကွက် ၅ ရှိ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ကျမ်းစာသင်ကျောင်းထဲကို နိုဝင်ဘာ ၃ ရက်ညပိုင်း စစ်ကောင်စီတပ်က ပစ်ခတ်လို့ ကျောင်းသား ၄ ယောက် ဒဏ်ရာရသွားပါတယ်။
မနေ့ည ၈ နာရီခွဲလောက်က ကွတ်ခိုင်မြို့ အခြေစိုက် အမြောက်တပ်ခွဲက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ KBC ရဲ့ KTC ကချင်ကျမ်းစာကျောင်းအမျိုးသားအဆောင်ရှိ ရေချိုးကန်နားမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းသား ၄ ဦးထိခိုက်ဒဏ်ရာရရှိတယ်လို့ ကွတ်ခိုင်ဒေသခံတွေက ဆိုပါတယ်။
ကွတ်ခိုင်မြို့ခံတဦးက “စစ်တပ်ဘက်မှာ လက်နက်ငယ်သံတွေ ကြားရပြီးနောက်ပိုင်း လက်နက်ကြီးသံကြားရတော့တာပဲ။ တပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကျည်က ကျမ်းစာကျောင်း ယောကျာ်းလေးအဆောင်နားကျပြီး ကျောင်းသား ၄ ယောက် ကျည်အစမှန်တယ်”လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် KTC ကချင်ကျမ်းစာသင်ကျောင်းက အမျိုးသားအဆောင်မှာ ထိမှန်ပျက်စီးသွားတာလည်းရှိပါတယ်။
ဒဏ်ရာရတဲ့ကျောင်းသား ၄ ဦးကတော့ စိုးရိမ်ရတဲ့ အခြေအနေတော့ မဟုတ်ဘူးလို့ မြို့ခံတွေက ဆိုပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေထဲက နှစ်ယောက်ကိုကတော့ ကျောင်းသား မိတုန်ဒွဲလာ၊ အင်ဒေါင်အောင်ဆန့်တို့ဖြစ်တယ်ပြီး ကျန် နှစ်ယောက်ကတော့ နာမည်မသိရသေးဘူးလို့ ကျမ်းစာကျောင်းနဲ့ နီးစပ်သူ အမျိုးသမီး ၁ ဦးက ပြောပါတယ်။
တိုက်ပွဲ ဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီတပ်ဘက်က ည ၈ နာရီ ၄၅ မိနစ်လောက်မှာ လက်နက်ကြီး ၂ ကြိမ်၊ ၉ နာရီလောက်မှာ ၁ ကြိမ် ပစ်ခတ်ခဲ့တယ်လို့ မြို့ခံ တဦးက ပြောပါတယ်။
ဒဏ်ရာရသူတွေကို လတ်တလော ဆေးရုံ ခေါ်လာပြီးဆေးကုသခွင့် မပေးဘဲ စစ်ကောင်စီဘက်က ဆေးရုံဝန်းကျင်မှာပါ လုံခြုံရေးယူ ပိတ်ဆို့ ထားနေတယ်လို့ ဆိုပါတယ်။
"တလုံးက ကွတ်ခိုင် အောက်နားက မန်မောင်ဆိုတဲဘရွာက ပလောင်ပွဲမှာ သွားကျတာ။ ဘယ်လောက်ထိသွားလဲတော့ မသိရသေးဘူး" လို့ နောက်ထပ် ဒေသ ခံ အမျိုးသမီး တဦးက ပြောပါတယ်။
နောက်ထပ် လက်နက်ကြီးတွေလည်း ၃ ကြိမ် ဆက်တိုက် ထပ်ပစ်သံကြားရပြီး ဘယ်မှာ ကျရောက်ပေါက်ကွဲသလဲ ဆိုတာ မသိရသေးဘူး လို့ ဆိုပါတယ်။
ဒေသခံ ပြည်သူတွေက စိုးရိမ်ထိတ်လန့်နေကြပြီး ဗုံးခိုကျင်းမှာ ပုန်းအောင်း နေကြတယ်လို့ ဆိုပါတယ်။
ကွတ်ခိုင်မြို့နယ်မှာ ၂၀၁၁ ခုနှစ်က စတင်ပြီး စစ်ကောင်စီတပ်နဲ့ ဒေသခံတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး တပ်တွေကြား တကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့တာပါ။
နိုဝင်ဘာ ၂ ရက်နေ့ကဟိုမုန်းကျေးရွာအနီးမှာရှိတဲ့ ကောင်းဆတ်ဘွမ်မှာ စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ကြားတိုက်ပွဲဖြစ်ပွားခဲ့တာရှိတယ်လို့ ဒေသတွင်း သတင်းရင်မြစ်တွေကဆိုပါတယ်။
ကွတ်ခိုင်မြို့နယ်အတွင်း ဆယ်စုနှစ်ကျော်ကြာ ဖြစ်ပွားနေတဲ့ပစ် ခတ်တိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ အရပ်သားပြည်သူ ၂၀ ထက်မနည်း သေဆုံး ထိခိုက်ဒဏ်ရာရတာ ရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဖားကန့်မြို့နယ်၊ အနန့်ပါမှာ အောက်တိုဘာလ ၂၃ ရက် ညက ၆၂ နှစ်ပြည့်KIO အထိမ်းအမှတ်နေ့ အကြိုတေးဂီတဖျော်ဖြေပွဲကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့်KIO၊ KIA အရာရှိစစ်သည်တွေအပြင် အရပ်သားပြည်သူ ၈၀ ကျော် သေဆုံးခဲ့ပါတယ်။