DVB Logo
Home
မြန်မာသတင်း
ကုန်သွယ်မှုပိုငွေပြကြောင်း စစ်ခေါင်းဆောင် ပြောဆိုသည့်အပေါ် သုတေသီများ ဝေဖန်
DVB
·
November 3, 2022
ကုန်သွယ်မှုပိုငွေပြကြောင်း စစ်ခေါင်းဆောင် ပြောဆိုသည့်အပေါ် သုတေသီများ ဝေဖန်
Donate to DVB

အကြမ်းဖက်စစ်ခေါင်းဆောင်က အခုနှစ် ဧပြီမှ စက်တင်ဘာအထိ ၆ တာ ကာလအတွင်းမှာ ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၃၅ ဒသမ ၅၁ သန်း ရရှိထားတယ်လို့ ဂုဏ်ယူဝံ့ကြွားနေတဲ့အပေါ် သုတေသီတွေက အတင်းအဓမ္မဖန်တီးပြီး လုပ်ဆောင်ထားတာကြောင့်သာ ဖြစ်တယ်လို့ ထောက်ပြ ပြောဆိုလိုက်ပါတယ်။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နေပြည်တော်မှာ အောက်တိုဘာ ၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ နစက အစည်းအဝေးမှာ မိမိတို့နိုင်ငံရဲ့ စီးပွားရေးနဲ့ပတ်သက်ပြီး အခုနှစ် ဧပြီမှ စက်တင်ဘာအထိ ၆ လတာကာလအတွင်းမှာ ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၃၅ ဒသမ ၅၁ သန်း ရရှိထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ကုန်သွယ်မှုလုပ်ငန်းတွေကို ပြန်လည်စိစစ်ကြည့်ရာမှာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်းက စက်သုံးဆီနဲ့ စားသုံးဆီ၊ သံမဏိပစ္စည်း၊ ဓာတ်မြေသြဇာ၊ နို့ထွက်ပစ္စည်းနဲ့ တခြားကုန်ပစ္စည်းတွေ တင်သွင်းခဲ့ရတာကို တွေ့ရတာကြောင့် ပြည်ပသွင်းကုန်များ လျှော့ချနိုင်ရေးအတွက် အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်း (MSME) တွေအနေနဲ့ ပြည်တွင်းကုန်ထုတ်လုပ်မှုတွေကို အောင်မြင်အောင် ဆောင်ရွက်ကြဖို့ အကြမ်းဖက်စစ်ခေါင်းဆောင်က တိုက်တွန်းပြောဆိုခဲ့တာပါ။

စစ်ကောင်စီခေါင်းဆောင်ပြောသလို မြန်မာနိုင်ငံအနေနဲ့ ကုန်သွယ်မှုမှာ ပိုငွေရထားတယ်ဆိုတဲ့ အချက်ဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အခြေအနေမဟုတ်ဘဲ အဓမ္မဖန်တီးထားတဲ့ အခြေအနေတရပ်သာ ဖြစ်တယ်လို့ သုတေသီတွေက ထောက်ပြထားပါတယ်။

စီးပွားရေးသုတေသီတယောက်က “သူလုပ်လိုက်တဲ့ အကျိုးဆက်ကြောင့် ပို့ကုန်နဲ့ သွင်းကုန် ပမာဏနှစ်ခုစလုံးက ကျဆင်းသွားတာနော်။ အရင်နှစ်တွေနဲ့ ယှဉ်ကြည့်ရင် တွေ့ရမှာပါ။ ပို့ကုန်နဲ့ သွင်းကုန် ကျဆင်းနေတဲ့ကြားထဲက သွင်းကုန်ကို သူက ထပ်လျှော့လိုက်တယ်။ ဘာတွေလျှော့လဲဆိုရင် စားသုံးဆီနဲ့ စက်သုံးဆီတွေကို ရှိသင့်တဲ့ပမာဏထက် လျှော့ပစ်တာ။ လျှော့လိုက်တော့ သွင်းကုန်က အရမ်းနည်းသွားတယ်။ တဖက်မှာ ပို့ကုန်ကလည်း နည်းနည်းလေးပဲ ရှိနေတဲ့အတွက် အဲ့နှစ်ခုကို ယှဉ်လိုက်တဲ့အခါ ပို့ကုန်ကများနေပြီး သွင်းကုန်က နည်းနေတာကြောင့် ကုန်သွယ်မှု ပိုငွေပြနေတယ်လို့ သူတို့က ပြောနေတာလေ။ အဲ့ဒါက အတင်းအဓမ္မကြီး ဖန်တီးထားတာ။ ဒါက ဖြစ်သင့်ဖြစ်ထိုက်တဲ့ အခြေအနေမဟုတ်ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိကြုံတွေ့နေရတဲ့ စီးပွားရေးပြဿနာကို စီးပွားရေးနည်းလမ်းအရသာ ဖြေရှင်းသင့်တယ်လို့ စီးပွားရေးပညာရှင်တယောက်ကလည်း အခုလို မှတ်ချက်ပေးပါတယ်။

“ရှင်းရှင်းပြောရရင် အကြောင်းရင်းက သွင်းကုန်တွေများလို့ရှိရင် ဒေါ်လာစီးထွက်မှုတွေ များလာမယ်။ ဒါပေမဲ့ တဖက်မှာ ဒေါ်လာကလည်း မရှိဘူးဆိုတော့ သူတို့က အာဏာသုံးပြီး ဖိအားပေးထားတာ။ တကယ်တမ်းက အဲ့ဒီလို မလုပ်သင့်ဘူးဗျ။ ကျနော်တို့ အမြဲပြောနေတာက စီးပွားရေးပြဿနာကို စီးပွားရေးနည်းနဲ့ပဲ ရှင်းပါ။ ဒါကို သူတို့က အာဏာသုံးပြီးတော့ အုပ်ချုပ်ရေးနည်းလမ်းတွေနဲ့ ရှင်းနေတာ။ ဟိုဟာမသွင်းရဘူး၊ ဒီဟာမသွင်းရဘူးဆိုပြီး လုပ်နေတာ။ ဒါက လွဲမှားနေတဲ့အချက်။ ဒီဟာက ပြဿနာရှိတဲ့အပြင် ဒါမျိုးက ဘယ်တော့မှလည်း မအောင်မြင်ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

စီးပွားရေးသီအိုရီတွေအရ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့ သွင်းကုန်ပမာဏဟာ တိုင်းပြည်ရဲ့ စုစုပေါင်းထုတ်လုပ်မှုတန်ဖိုး (GDP) ရဲ့ ၅ ရာခိုင်နှုန်းထက် မကျော်ဖို့သာ လိုတဲ့အကြောင်း စီးပွားရေးသုတေသီတွေက သုံးသပ်ထားပါတယ်။

“ကျနော်တို့ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲတိုင်းပြည်ဟာ များသောအားဖြင့် သွင်းကုန်က အမြဲလိုနေတာ။ ဘာကြောင့်လိုနေလဲဆိုရင် မရှိမဖြစ်သွင်းရတဲ့ အရေးကြီးပစ္စည်းတွေ သွင်းဖို့လိုတယ်။ ဖွံ့ဖြိုးဆဲတိုင်းပြည်တွေမှာ လိုအပ်တဲ့ ကုန်ကြမ်း စက်ကိရိယာ အကုန်လုံးက ပြည်ပကနေ တင်သွင်းရတာ။ ဘာလို့လဲဆို ကိုယ့်နိုင်ငံက ဆင်းရဲတာကို။ ဘာမှလည်း မရှိသေးဘူးလေ။ အဲ့တော့ သွင်းနေရတဲ့အတွက် ဒီအချိန်မှာ အနှုတ်လက္ခဏာပြတာပဲ။ ဒါက မြန်မာနိုင်ငံတခုတည်း မဟုတ်ဘူး။ ဖွံ့ဖြိုးဆဲတိုင်းပြည်တွေ အကုန်လုံးမှာ အနှုတ်လက္ခဏာ ပြတယ်။ ဒါပေမဲ့ ပြတဲ့ အနှုတ်လက္ခဏာက တိုင်းပြည်ရဲ့ စုစုပေါင်းထုတ်လုပ်မှုတန်ဖိုး (GDP) ရဲ့ ၅ ရာခိုင်နှုန်းပဲ ရှိရမယ်ဆိုပြီး စီးပွားရေးသီအိုရီအရ ကန့်သတ်ထားတာရှိတယ်။ ဒီလောက်ပမာဏဆိုရင် တိုင်းပြည်ရဲ့ စီးပွားရေးအပေါ်မှာ ထိခိုက်မှုက သိပ်မရှိဘူးလို့ ဆိုနိုင်တယ်။ ဒါပေမဲ့ သွင်းတာ အရမ်းများသွားလို့ တိုင်းပြည်ရဲ့ စုစုပေါင်းထုတ်လုပ်မှုတန်ဖိုး (GDP) ရဲ့ ၁၀ ရာခိုင်နှုန်းအထိ ရှိတယ်ဆိုရင်တော့ တိုင်းပြည်ရဲ့စီးပွားရေးဟာ ပျက်တတ်တယ်။ ဒါက သီအိုရီအရ ပြောတာနော်” လို့ ဒီဗွီဘီကို ပြောပါတယ်။

သုတေသန အချက်အလက် မှတ်တမ်းတွေအရ စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁-၂၀၂၂ မီနီဘတ်ဂျက် ၆ လတာကာလမှာ မြန်မာနိုင်ငံရဲ့ ပြည်ပကုန်သွယ်မှု ပို့ကုန်ကဏ္ဍက အမေရိကန်ဒေါ်လာ ၇ ဒသမ ၅၀၈ ဘီလီယံနဲ့ သွင်းကုန်ကဏ္ဍက အမေရိကန်ဒေါ်လာ ၇ ဒသမ ၂၆၄ ဘီလီယံ ရှိတာကြောင့် စုစုပေါင်းကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၇၇၃ ဘီလီယံ ရှိခဲ့တယ်ဆိုပေမဲ့ ကာလတူ အရင်ဘဏ္ဍာနှစ်နဲ့ယှဉ်ရင် အမေရိကန်ဒေါ်လာ ၁၆၇ သန်းကျော် လျော့ကျနေပါတယ်။

ဒါပေမဲ့ အန်အယ်လ်ဒီအစိုးရလက်ထက် ပြီးခဲ့တဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ မြန်မာနဲ့ ပြည်ပနိုင်ငံတွေအကြား ကုန်သွယ်မှုက အမေရိကန်ဒေါ်လာ ၃၇ ဘီလီယံ နီးပါးအထိ စံချိန်တင် ရှိခဲ့တာ တွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013