
မကွေးတိုင်း၊ ထီးလင်းမြို့နယ်ကို စစ်ကောင်စီက အောက်တိုဘာ ၁ လအတွင်း အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ကာ အောင်းတောင်၊ သရခါနဲ့ ထန်းပင်ကုန်းရွာ အပါအဝင် ကျေးရွာပေါင်း ၈ ရွာကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၁၀၀ ဝန်းကျင် ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ နေအိမ်မီးရှို့ဖျက်ဆီးခံထားရတဲ့ ဒေသခံတွေဟာ ဘေးလွတ်ရာဒေသတွေမှာ တိမ်းရှောင်နေကြရပြီး နေထိုင်စားသောက်ရေး အကူအညီတွေ လိုအပ်နေတယ်လို့ ထီးလင်းဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
“စစ်ဘေးရှောင်စခန်းရယ်လို့ အတည်တကျလည်း မရှိဘူး။ ဒီလိုပဲ ကိုယ်နဲ့နီးစပ်ရာ တောထဲတွေမှာပဲ နေကြတယ်။ တချို့ကလည်း ဘေးရွာတွေက ဆွေမျိုးအိမ်တွေမှာ ကပ်နေကြရတယ်။ အဓိကခက်ခဲတာကတော့ နေထိုင်စားသောက်ရေးအပိုင်း ပိုပြီးမှ ခက်ခဲနေတယ်။ ဆောင်းတွင်းရောက်ပြီဆိုတော့ အနွေးထည်တွေလည်း လိုအပ်နေတယ်။”
စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ထီးလင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်သားတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသခံနေအိမ် ၁၅၀ ဝန်းကျင် မီးလောင်ဆုံးရှုံးထားပြီး အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာလည်း ၁ နှစ်ကျော်ရှိပြီ ဖြစ်ပါတယ်။