ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်ဝမ်းကျေးရွာကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၂ ရက် မွန်းလွဲ ၁၂ နာရီခွဲလောက်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ဒေသခံ ကျောင်းသားအရွယ် ကလေးငယ်နှစ်ယောက် ကျည်ထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခု လက်နက်ကြီးနဲ့ ပစ်ခတ်တာဟာ စူပါစိမ်းကုမ္ပဏီကို စောင့်ပေးနေတဲ့ စစ်သားတွေက ပစ်ခတ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒေသခံဆရာမိုးက “ကျောင်းသွားတက်ရင်းနဲ့ လက်နက်ကြီးထိမှန်တာ။ ထိမှန်တဲ့ကလေးတွေက နှင်းယုလွင် အသက် ၁၄ နှစ် ခြေဖမိုးကျည်ထိတယ်။ အောင်မျိုးဦး အသက် ၁၈ နှစ် လည်ပင်း ကျည်စ ရှပ်ထိသွားတယ်။ ဖြစ်တာက မှော်ဝမ်းကျေးရွာနဲ့ ဆွတ်ငိုင်ယန်ကျေးရွာကြားက ဆိုင်းဘုတ်အနီးမှာ ဖြစ်သွားတယ်။ ကလေးမလေးတော့ ခြေချောင်းလေးတွေကတော့ လှုပ်ရှားလို့မရ ဖြစ်သွားတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ညနေပိုင်း သောက်စားပြီးတဲ့အချိန် လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံတွေ နေထိုင်ရတာ လုံခြုံမှုမရှိဘဲ စိုးရိမ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာတော့ နိုဝင်ဘာ ၁ ရက် ညပိုင်းက စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး ဇနီးမောင်နှံ ၂ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွာမကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် စံတော်သာကုန်းကျေးရွာမှာ နေထိုင်တဲ့ လင်မယားနှစ်ယောက် သေဆုံးခဲ့တာလို့ ဆိုပါတယ်။
စံတော်သာကုန်းကျေးရွာ ဒေသခံတယောက်က “ညဘက် ၉ နာရီလောက်ဖြစ်တာ။ ရွာမဘက်မှာ စစ်တပ်က အင်အား ၁၀၀ လောက် တပ်စွဲထားတာရှိတယ်။ အဲ့ဘက်က လှမ်းပစ်တာ။ သူတို့လင်မယားနေတဲ့အိမ်နားကျပြီး ကျည်ထိပြီးသေတယ်” လို့ ပြောပါတယ်။
လက်နက်ကြီးကျည်ထိမှန် သေဆုံးခဲ့သူတွေဟာ အသက် ၅၀ ခန့်ရှိ ဦးစိုးမြင့်နဲ့ သူ့ရဲ့ဇနီး အသက် ၅၅ နှစ်အရွယ် ဒေါ်ပု တို့ ဖြစ်ပါတယ်။
ရွာမကျေးရွာကနေ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ အောက်တိုဘာ ၂ ရက် မနက်ပိုင်းက စတင်ပြီး ကောလင်းမြို့ အနောက်ဘက် ကျေးရွာတွေကို စစ်ကြောင်းထိုးသွားတဲ့အတွက် ဒေသခံတွေ ဘေးလွတ်ရာ ရှောင်တိမ်းနေကြရပါတယ်။