Home
မြန်မာသတင်း
ထောက်ပို့တပ်ဖွဲ့ဝင်များအားသတ်ပြီး လက်နက်ယူသွားသူကို ကေအန်ယူက ဖမ်းဆီးစစ်ဆေးနေ
DVB
·
November 2, 2022

ပြည်သူ့တော်လှန်ရေး ထောက်ပို့တပ်ဖွဲ့ဝင်တယောက်၊ ကျောင်းထိုင်ဆရာတော်နဲ့ ကျောင်းကပ္ပိယတို့ကို သတ်ဖြတ်ပြီး လက်နက်ခဲယမ်းတွေ ယူဆောင်သွားတဲ့ တပ်မဟာ ၆၊ KNDO တပ်ရင်း-၆ က ဒုထောက်လှမ်းရေးမှူးနဲ့ တပ်ဖွဲ့ဝင်တယောက်ကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ကေအန်ယူ ဗဟိုကော်မတီတာဝန်ရှိသူတယောက်က ပြောပါတယ်။

အောက်တိုဘာ ၂၂ ရက် မနက် ၅ နာရီခွဲလောက်က တပ်မဟာ ၆၊ ဒူးပလာယာခရိုင်၊ KNDO တပ်ရင်း ၆၊ ဒုထောက်လှမ်းရေးမှူး ဌေးဝင်းနဲ့ တပ်ဖွဲ့ဝင်တယောက်က ကျုံဒိုးမြို့နယ်၊ ဖားကျကျေးရွာ၊ ထီးကလေးဘုရား ထီးကလေးဘုန်းကြီးကျောင်းမှာ ရောက်ရှိနေတဲ့ ပြည်သူ့တော်လှန်ရေး ထောက်ပို့တပ်ဖွဲ့ဝင်တယောက်၊ ကျောင်းထိုင်ဆရာတော်နဲ့ ကျောင်းကပ္ပိယတို့ကို ပစ်သတ်ခဲ့ပြီးနောက် လက်နက်မျိုးစုံ အလက် ၂၀ နီးပါးနဲ့အတူ လက်နက်ခဲယမ်း ဆက်စပ်ပစ္စည်းတွေကို ယူဆောင်သွားခဲ့ပါတယ်။

ကေအန်ယူဌာနချုပ်အနေနဲ့ ပြစ်မှုအတွက် ရာထူးချကာ အရပ်ဘက်တရားရုံးကို လွှဲပြောင်းပေးမှာဖြစ်ပြီး အရပ်ဘက်တရားသူကြီးရဲ့ စစ်ဆေးပေါ်ပေါက်ချက်အတိုင်း စီရင်ချက်ချ အရေးယူဆောင်ရွက်သွားမယ်လို့ ကေအန်ယူ ဗဟိုကော်မတီဝင် ပဒိုစောသမိန်ထွန်းက ပြောပါတယ်။

“သူတို့ကို တပ်မဟာ ၆ KNDO ကနေ တာဝန်ပေးပြီး ဘုန်းကြီးတွေကို ကာကွယ်ဖို့ ပို့လိုက်တာ။ ပို့လိုက်တဲ့အခါကျတော့ လောဘဇောတက်သွားတယ်။ တရားခံက ၂ ယောက်။ သူတို့ကိုဖမ်းလိုက်ပြီ။ သူတို့ တပ်မဟာ ၆ အချုပ်ထဲမှာ သူတို့ကိုစစ်ဆေးနေတယ်။ ကေအန်ယူ ဌာနချုပ်က ဒါကိုစစ်ဆေးပြီး ရာထူးချပြီး အရပ်ဘက်တရားရုံးကိုပို့မယ်။ ဖြစ်စဉ်အခြေအနေတွေကို အကုန်စစ်ဆေးပြီးမှ စီရင်ချက်ချမယ်။ လူသတ်တယ်ဆိုတော့ သူ အပြစ်တော့ရှိတာပေါ့။ ဒါတွေကတော့ တရားသူကြီးလုပ်လိမ့်မယ်။”

ဖြစ်စဉ်နဲ့ ပတ်သက်ပြီး တပ်မဟာ ၆၊ KNDO တပ်ရင်း ၆ တပ်ရင်းမှူး ဗိုလ်ဂျော်နီကို ဒီဗွီဘီသတင်းဌာနက ဆက်သွယ်မေးမြန်းဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမဲ့ မရခဲ့ပါဘူး။

ကျောင်းထိုင်ဘုန်းကြီးနဲ့ လူပုဂ္ဂိုလ်တွေကို သတ်ဖြတ်ခဲ့ပြီးနောက် AR 15 (စနိုက်ပါ) ရိုင်ဖယ် ၁ လက်၊ M-4 ၂ လက်၊ M16A- ၁ လက်၊ M 16 A-2 ၂ လက်၊ AK 47- ၅ လက်၊ Sigsauer ပစ္စတို ၂ လက်အပါအဝင် လက်နက်မျိုးစုံအလက် ၂၀ နီးပါးနဲ့ 5.56 ကျည် ၅၀၀၀ တောင့်တို့ကို ယူဆောင်သွားခဲ့ပါတယ်။

သတ်ဖြတ်ခံရတဲ့ ကျောင်းထိုင်ဘုန်းကြီးနဲ့ သေဆုံးသူတွေဟာ တော်လှန်ရေးမှာ သူများမလုပ်နိုင်တဲ့ ထောက်ပို့တာဝန်တွေကို တာဝန်ယူလုပ်ဆောင်သူတွေဖြစ်လို့ ကေအန်ယူအတွက်လည်း ဆုံးရှုံးမှုတခုဖြစ်တယ်လို့ ကေအန်ယူ တာဝန်ရှိသူက ပြောပါတယ်။

ထောက်ပို့တပ်ဖွဲ့ဝင်နဲ့ ကျောင်းထိုင်ဆရာတော်တို့ အသက်ဆုံးရှုံးခဲ့တဲ့အပြင် ပစ္စည်းတွေပါ ဆုံးရှုံးလိုက်ရတဲ့အတွက် ထောက်ပို့လမ်းကြောင်း ပြတ်တောက်ခဲ့ရသလို မြေပြင်ပိုင်းမှာ စိတ်ဓာတ်ပိုင်းကော တော်လှန်ရေးအတွက် ခက်ခဲခဲ့ရတယ်လို့ ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတ‌ယောက်က ပြောပါတယ်။

“အခုက ကိုယ်အားကိုးပြီး ခိုလှုံနေတဲ့ အဖွဲ့အစည်းက ဒီလိုလုပ်တယ်ဆိုတော့ ပိုပြီးတော့ ရင်နာရတာပေါ့။ ကျနော်တို့မှာ မလုံခြုံမှုလည်း ပိုပြီးတော့ ခံစားရတယ်။ ကျနော်တို့အနေနဲ့ လူ့အသက်တွေကော ပစ္စည်းတွေကော ဆုံးရှုံးတယ်။ ဒီကိစ္စကို တရားမျှတစွာ ဖြေရှင်းပေးပါလို့ ပြောချင်တယ်။ ကျနော်တို့အတွက် ထောက်ပို့လမ်းကြောင်း ပိတ်သွားတယ်။ တော်လှန်ရေးအားအနေနဲ့ စိတ်ဓာတ်ပိုင်းကော မြေပြင်မှာဖြစ်နေတဲ့ လက်နက်အင်အားပိုင်းကော လမ်းကြောင်းတွေကော အခက်အခဲတွေဖြစ်တယ်။”

ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေနဲ့ NUG အစိုးရနဲ့ ကာကွယ်ရေးဝန်ကြီးဌာနကိုပါ ဖြစ်စဉ်နဲ့ပတ်သက်ပြီး တရားမျှတမှုရရှိအောင် လုပ်ဆောင်ပေးဖို့ စာတင်ထားတာရှိတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး NUG အစိုးရ အတွင်းဝန် ဦးနိုင်ထူးအောင်ကို ဒီဗွီဘီသတင်းဌာနက ဆက်သွယ်မေးမြန်းရာမှာ ဖြေဆိုနိုင်ဖို့ ဖြစ်စဉ်အသေးစိတ် အချက်အလက်ကို စုံစမ်းနေဆဲလို့ ပြန်လည်ဖြေဆိုခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024