
မြန်မာနိုင်ငံက ပဋိပက္ခတွေကို ဖြေရှင်းနိုင်ဖို့ ဆယ်စုနှစ်နဲ့ချီ အချိန်ယူရနိုင်သလို ဒီပဋိပက္ခတွေ အချိန်ကြာလာတာနဲ့အမျှ အာဆီယံရဲ့ အနာဂတ်လုပ်ငန်းစဉ်တွေ ဖော်ဆောင်ဖို့ စိန်ခေါ်မှုတခု ဖြစ်လာလိမ့်မယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာလာခရစ်ရှ်နန်က ISEAS ဖိုရမ်မှာ နိုဝင်ဘာ ၁ ရက်က ပြောကြားခဲ့ပါတယ်။
အောက်တိုဘာ ၂၇ ရက်က အင်းဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ပြုလုပ်ခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးနဲ့ ပတ်သက်ပြီး “ဆွေးနွေးညှိနှိုင်းရတာ ခက်ခဲပါတယ်။ အာဆီယံအဖွဲ့အနေနဲ့ ဟန်ပြသက်သက်မဟုတ်ဘဲ အပြုသဘောဆောင်ပြီး အထောက်အပံ့ဖြစ်စေမယ့် ဆောင်ရွက်ချက်အဖြစ် နောက်ထပ် ဘာတွေထပ်လုပ်လို့ ရနိုင်မလဲဆိုတာ စဉ်းစားနေကြပါတယ်” လို့ ပြောခဲ့ပါတယ်။
“မြန်မာနိုင်ငံသားတွေ ကြုံတွေ့နေရတဲ့ ဘေးဒုက္ခတွေကို ပြေလျော့သွားအောင် ဆောင်ရွက်ပေးဖို့ဟာ ကျနော်တို့ရဲ့ ဦးစားပေးရည်ရွယ်ချက်တခု ဖြစ်ပါတယ်။ နိုဝင်ဘာလ ၁၁ ရက် ဖနွမ်းပင်မှာကျင်းပမယ့် အာဆီယံခေါင်းဆောင်များ ညီလာခံမှာ ဒီအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ မျှော်လင့်ထားပါတယ်။ အခုချိန်ဟာ အာဆီယံအတွက် ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေ ချမှတ်ရမယ့်အချိန် ဖြစ်ပါတယ်။ လာမယ့်ရက်သတ္တ နှစ်ပတ်အတွင်း ဘာတွေဆက်ဖြစ်လာမလဲ စောင့်ကြည့်ကြရအောင်ပါ” လို့ ဒေါက်တာဘာလာခရစ်ရှ်နန်က ပြောပါတယ်။
၂၀၂၁ ခုနှစ် ဧပြီလထဲမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက အချက် ၅ ချက်ပါ ဘုံသဘောတူညီချက်ကို ဟန်ပြ ချမှတ်နိုင်ခဲ့တာကလွဲရင် မြန်မာနိုင်ငံက ပဋိပက္ခတွေ ပြေလည်စေရေးအတွက် အာဆီယံဟာ ဘာမှ ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အရပ်သားခေါင်းဆောင်တွေဟာလည်း ဖမ်းဆီးခံနေရဆဲပဲလို့ The Strait Times ရဲ့ သတင်းဆောင်းပါးမှာ ရေးပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း အာဆီယံရဲ့ ဘယ်အဆင့်မြင့်အစည်းအဝေးကိုမှ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်တို့ကို ဖိတ်ကြားခြင်းမရှိဘဲ မြန်မာနိုင်ငံကနေ နိုင်ငံရေးကိုယ်စားမပြုတဲ့ ကိုယ်စားလှယ်ကိုသာ တက်ရောက်ဖို့ အာဆီယံက ဖိတ်ကြားခဲ့ပါတယ်။
အဲဒီဆောင်ရွက်ချက်ဟာ အာဆီယံရဲ့ ဝင်ရောက်မစွက်ဖက်ရေး မူဝါဒကို ဖောက်ဖျက်ရာရောက်တယ်လို့ဆိုကာ စစ်ကောင်စီဘက်ကလည်း ကိုယ်စားလှယ်တယောက်မှ စေလွှတ်ခြင်း မရှိခဲ့ပါဘူး။
အမေရိကန်နဲ့ တရုတ်တို့ရဲ့ ပြင်းထန်တဲ့ ယှဉ်ပြိုင်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ လေဆန်ခရီးကို ခက်ခက်ခဲခဲ ကျော်ဖြတ်နေရင်း လူငယ်တွေနဲ့ တိုးတက်လာနေတဲ့ စီးပွားရေးကို အချိန်အဆက်မိနေစေရေးနဲ့ မြန်မာ့အရေး အဖွဲ့ပေါင်းစုံပါဝင်တဲ့ ဆွေးနွေးပွဲတွေ ဖြစ်မြောက်လာရေးအတွက် အာဆီယံဟာ သူ့ရဲ့ အရေးပါတဲ့ကဏ္ဍကို ထိန်းသိမ်းထားဆဲဖြစ်တယ်လို့ ဒေါက်တာဘာလာခရစ်ရှ်နန်က ပြောပါတယ်။
အခုလက်ရှိဖြစ်ပျက်နေတဲ့ အမေရိကန်နဲ့ တရုတ်ကြားက ယှဉ်ပြိုင်မှုမှာ တဖက်နဲ့တဖက် မယုံကြည်မှုရဲ့ အကျိုးဆက်အဖြစ် အန္တရာယ်ရှိတဲ့ ဖြစ်ရပ်တွေ များစွာဖြစ်ပေါ်လာနိုင်ပြီး ဒီအချိန်မှာ ဂရုတစိုက်နဲ့ ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိရင် ပထမကမ္ဘာစစ်လို နောက်တကြိမ် ထပ်ဖြစ်လာနိုင်တယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။