Home
မြန်မာသတင်း
မောင်တောနှင့် တောင်ကုတ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရ၊ မြေပုံတွင် စစ်တပ်က ပြည်သူ ၅ ဦးကို ပစ်ခတ်
DVB
·
November 2, 2022

ရခိုင်ပြည်နယ်၊ မောင်တော လှဖိုးခေါင်ရှိ စစ်ကောင်စီ နယ်ခြားစောင့်စခန်းကို အင်အားဖြည့်တင်းလာတဲ့ နယ်ခြားစောင့်တပ်ကားတန်း နိုဝင်ဘာ ၂ ရက် မနက် ၁၀ နာရီလောက်က မိုင်းဆွဲခံခဲ့ရ​တယ်လို့ ဒေသခံတွေကပြောပါတယ်။

လှဖိုးခေါင် ယာယီပြန်လည်လက်ခံရေးစခန်းအနီးမှာ အသစ်ဆောက်နေတဲ့ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ-၁၀ ကို အင်အားဖြည့်တင်းလာတဲ့ နယ်ခြားစောင့်တပ်က ကား ၇ စီးဟာ ရွှေဇားကျေးရွာအုပ်စု၊ လဘော်ဇားကျေးရွာတံတား အကျော်မှာ မိုင်းဆွဲခံခဲ့ရတာပါ။

ရွှေဇားကျေးရွာသားတစ်ယောက်က “မနက် ၁၀ နာရီခွဲလောက်မှာ မိုင်းဆွဲခံရတာ။ အသံအကျယ်ကြီး ကြားရတာ မောင်တောတမြို့လုံး ဟိန်းသွားတယ်။ နယ်ခြားစောင့်ကားတန်း မိုင်းဆွဲခံရတာလို့ သိရတယ်။ ဘယ်အဖွဲ့ကဆွဲတာလဲတော့ မသိဘူး။ ထိခိုက်မှုတွေလည်း မသိရဘူးဗျ။ လမ်းတွေပိတ်ထားတယ်။ သွားမရဘူး။ စစ်ဆေးမှုတွေလုပ်နေတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ နယ်ခြားစောင့်ယာဥ်တန်း မိုင်းဆွဲခံရပြီးနောက် ရွှေဇား-လှဖိုးခေါင်လမ်းအပြင် မင်္ဂလာကြီး၊ သရက်အုပ် စတဲ့လမ်းတွေကိုပါ ပိတ်ထားလိုက်ပြီး စစ်ဆေးနေပါတယ်။

စစ်ကောင်စီက နခခ-၁၀ မှာ လက်နက်ကြီးအထိုင်စခန်းတခု တည်ဆောက်နေပြီး အင်အားအလုံးအရင်း တိုးချနေတာ တွေ့နေရကြောင်း မောင်တောဒေသခံ စစ်ရေးလေ့လာသူက ပြောပါတယ်။

“လှဖိုးခေါင်စခန်းကို နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ-၁၀ အဖြစ် ပြောင်းလဲလိုက်ပြီး အင်အားတိုးချနေတာ။ အခုဆို လက်နက်ကြီး အထိုင်စခန်းပါ တည်ဆောက်နေတယ်လို့ သိရတယ်။”

အောက်တိုဘာ ၃၁ ရက်ကလည်း မောင်တောမြို့နယ်မြောက်ပိုင်း တောင်ပြိုလက်ဝဲကို တက်လာတဲ့ စစ်ကြောင်းကို နေ့လယ် ၂ နာရီလောက်က သာယာကုန်းနဲ့ သင်္ဘောလှ ကျေးရွာအကြားမှာ ရက္ခိုင့်တပ်တော် (အေအေ) က ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံးပြီး ၁၀ ယောက်လောက် ဒဏ်ရာရခဲ့တယ်လို့ အေအေက ထုတ်ပြန်ထားပါတယ်။

အလားတူ တောင်ကုတ်မြို့နယ်အစပ်၊ သက်ကေပြင်ကျေးရွာအနီးရှိ တောင်ကုတ်-သံတွဲ ကားလမ်းပေါ်မှာ နိုဝင်ဘာ ၁ ရက် မနက်က တောင်ကုတ်မြို့က ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အေအေက ကြားဖြတ် မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက်ထက်မနည်း သေဆုံးသွားခဲ့တယ်လို့ အေအေနဲ့ နီးစပ်သူ ဒေသခံတယောက်က ပြောပါတယ်။

“မနေ့က မနက်ပိုင်းမှာ တောင်ကုတ်ကနေ ခြေလျင်လာတဲ့ စစ်သားတွေကို ရက္ခိုင့်တပ်တော်က ကြားဖြတ် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်။ ပြီးရင် အနည်းငယ် အပြန်အလှန် ပစ်ခတ်တာတွေလည်း ရှိခဲ့တယ်။ စစ်သားက အင်အား ၃၀ ဝန်းကျင်လောက်ရှိတယ်လို့ ပြောတယ်။ ကျတာက ၁၀ ယောက်ကျော်လောက်ကျတယ်။ ထိခိုက်ဒဏ်ရာရတာတွေလည်း ရှိတယ်လို့ သိရတယ်။”

အခုလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် တောင်ကုတ်မြို့ပေါ်ရှိ စစ်တပ်တွေက လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်တာတွေ ရှိခဲ့သလို ကြားဖြတ်တိုက်ခိုက်ခံရတဲ့ နေရာအနီးရှိ ကျေးရွာတွေကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ရှာဖွေ ဖမ်းဆီးနေတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

တောင်ကုတ်မြို့နယ်မှာ စက်တင်ဘာလကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ရက္ခိုင့်တပ်တော်က တောင်ကုတ်မြို့နဲ့ ၁၀ မိုင်အကွာ ချောင်းသုံးခွကျေးရွာအနီးမှာ တကြိမ်၊ တောင်ကုတ်မြို့ ချောင်းအတွင်းမှာရှိတဲ့ စစ်ကောင်စီရေယာဥ်ကို တကြိမ်နဲ့ ကျောက်ဖြူ-ရန်ကုန် ကားလမ်းမပေါ်ရှိ လမုကျေးရွာအနီးက ကြက်တိန်တောင်ပေါ်မှာ တကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်ကျဆုံးတာတွေ ရှိခဲ့တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

မြေပုံမြို့နယ်မှာတော့ နိုဝင်ဘာလ ၁ ရက် ညနေပိုင်းက စစ်ကောင်စီတပ်က ဒေသခံပြည်သူ ၅ ယောက်ကို သေနတ်နဲ့ လိုက်လံပစ်ခတ်ပြီး ရွာကိုမီးရှို့မယ်လို့ ခြိမ်းခြောက်ခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

အုန်းတောကျေးရွာသားတယောက်က “မြေပုံမြို့နယ် အုန်းတောကျေးရွာက ပြည်သူ ၅ ယောက် စက်လှေနဲ့ ဘိလပ်မြေဝယ်ရအောင် သွားတဲ့အချိန် နိုဝင်ဘာလ ၁ ရက်နေ့ ညနေ ၃ နာရီလောက်မှာ စစ်(...) ၄ ယောက်နဲ့ ရဲ(...) ၁၀ ယောက်က သေနတ်နဲ့ လိုက်လံပစ်ခတ်ရာကနေ ထွက်ပြေးလွတ်မြောက်သွားတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

သူတို့ဟာ တောင်မော်ရွာ ဘုန်းကြီးကျောင်း ဆောက်လုပ်ဖို့ ဘိလပ်မြေသွားဝယ်တဲ့အချိန် အုန်းတောရွာရှေ့က မြေပုံမြစ်ထဲမှာ သေနတ်နဲ့ လိုက်ပစ်ခံရပြီး ထွက်ပြေးလွတ်မြောက်သွားတာလို့ ဆိုပါတယ်။

“စစ်(...)တွေက မြေပုံမြို့နယ်ကို ကုန်ပစ္စည်းတွေနဲ့ ရိက္ခာသယ်ယူခွင့်တွေ တားမြစ်ထားပြီး မသင်္ကာလို့ လိုက်ပစ်တာဖြစ်နိုင်တယ်။ အဲဒီနောက် စစ်(....)၊ ရဲ(....)တွေဟာ အုန်းတောရွာထဲကို ဝင်လာပြီး စစ်ဆေးမေးမြန်းမှုတွေပြုလုပ်ကာ ခေါင်းဆောင်တယောက်က ခင်ဗျားတို့ရွာကို ညဘက်မှာ ဒရုန်းနဲ့ မီးရှို့ပစ်မယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့တယ်။”

မြေပုံမြို့ နတလရုံးကို စက်တင်ဘာ ၇ ရက်က မိုင်းခွဲတိုက်ခိုက်ခံရပြီးတဲ့ နောက်ပိုင်းမှာ စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့ လုံခြုံရေးတင်းကျပ်ပြီး စစ်ဆေးမေးမြန်းတာတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် ဒေသခံပြည်သူတွေ စားနပ်ရိက္ခာနဲ့ ကုန်ပစ္စည်းတွေ သယ်ယူခွင့် ကန့်သတ်ခံထားရလို့ အခက်အခဲတွေနဲ့ ကြုံတွေ့နေကြရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024