DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ်တိုက်ပွဲတွင် တပတ်အတွင်း စစ်ကောင်စီတပ်အရာရှိနှင့် စစ်သည် ၈၀ ကျော် ထိခိုက်သေဆုံး
DVB
·
November 2, 2022
ကချင်ပြည်နယ်တိုက်ပွဲတွင် တပတ်အတွင်း စစ်ကောင်စီတပ်အရာရှိနှင့် စစ်သည် ၈၀ ကျော် ထိခိုက်သေဆုံး
Donate to DVB

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်မှာ  တပတ်အတွင်းဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က  အရာရှိ၊ အရာခံဗိုလ်တွေ အပါအဝင် ထိခိုက်သေဆုံးသူ ၈၀ ကျော်ထက်မနည်း ရှိနေပြီး ကေအိုင်အေဘက်ကလည်း ဗိုလ် ၁ ဦး ကျဆုံးကာ တပ်ဖွဲ့ဝင်တချို့ ဒဏ်ရာရရှိခဲ့တယ်လို့ ကေအိုင်အေသတင်းရင်းမြစ်နဲ့ ဒေသခံတွေဆီက သိရပါတယ်။

မိုးမောက်မြို့အရှေ့ဘက် လုံဂျာဘွမ်တောင်မှာ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) နဲ့ PDF ပူးပေါင်းတပ်ဖွဲ့ကို စစ်ကောင်စီတပ်က အောက်တိုဘာ ၂၂ ရက်ကနေ ၃၀ ရက်အထိ အင်အားအလုံးအရင်းနဲ့ မြေပြင်ကရော ဝေဟင်ကပါ အပြင်းအထန် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ဗန်းမော်မြို့နယ်ရှိ ခလရ ၄၇ ဖန်ခါးကုန်းတပ်၊ အမတ ၃၆၆ တပ်တွေနဲ့ မိုးမောက်မြို့နယ် ခမရ ၄၃၇ တပ်တွေက လက်နက်ကြီးနဲ့ နေ့စဥ် ပစ်ခတ်နေတာကြောင့် တောင်ခြေရှိ ဝဝမ်၊ လုံဆာခေါ်၊ လုံဂျာကျေးရွာတွေပေါ် လက်နက်ကြီးကျည် ကျရောက်ပြီး အိမ်တချို့ မီးလောင်ပျက်စီးခဲ့ပါတယ်။

အောက်တိုဘာ ၂၆ ရက်က မံခွန်ကျေးရွာ လယ်ကွင်းထဲမှာ မြေပဲနုတ်နေတဲ့ အသက် ၄၀ အရွယ် အမျိုးသမီးတယောက် လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့ပြီး မိန်းကလေးငယ်တယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ရပါတယ်။

အောက်တိုဘာ ၃၀ ရက်က မိုးမောက်မြို့နယ် မံပုံကျေးရွာမှာ စစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့​ကာ မိုးမောက်ဆေးရုံကတဆင့် ဗန်းမော်မြို့ ပြည်သူ့ဆေးရုံကြီးမှာ အရေးပေါ် ကုသမှုခံယူနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မိုးမောက်ဒေသခံတဦးက “အခုချိန်ထိ နားနားပြီး ပစ်နေတုန်းပဲ။ သူတို့က နေ့တိုင်းလိုလို ပစ်နေတာ။ ကြားမှာ နားလည်း ၁၀ မိနစ် ၁၅ မိနစ်လောက်ပဲ နားတယ်။ တနေကုန် ပစ်နေကြတာ။ မြေပြင်မှာလည်း ပစ်တယ်။ လက်နက်ကြီးတွေနဲ့လည်း သုံး လေး နေရာလောက်ကနေ ပစ်ကူတယ်။ စစ်သားအင်အားလည်း နေ့တိုင်းလိုလို ဖြည့်တယ်။ တိုက်လေယာဥ်နဲ့ စစ်ရဟတ်ယာဥ်တွေနဲ့လည်း လာလာပစ်ခတ်တယ်။ အင်အားအလွန်အကျွံသုံးပြီး တိုက်နေတာ” လို့ ပြောပါတယ်။

တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရ သေဆုံးတဲ့ စစ်သားတွေကို လူနာတင်ကားတွေနဲ့ နေ့တိုင်း သယ်ယူနေပြီး ဗန်းမော် ၄ မိုင်ရှိ မဆရ ၁၁ စစ်တပ်ဆေးရုံကြီးမှာ အပြင်လူနာတွေအတွက် ခုတင်မရှိတော့တဲ့အထိ လူနာတွေ များနေပါတယ်။

ဗန်းမော်မြို့ရှိ မြောက်ပိုင်းတိုင်း စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ၂၁ တပ်အတွင်းနဲ့ ဗျူဟာကုန်းအနီးမှာတော့ အောက်တိုဘာ ၃၁ ရက် ည ၇ နာရီလောက်က လက်နက်ကြီးကျည် ၂ လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ BPDF အဖွဲ့ကနေ သိရပါတယ်။

မြို့ခံတယောက်က “မနေ့က ၂ လုံးဆင့် အသံအကျယ်ကြီး ကြားလိုက်ရတယ်။ အခါတိုင်း မိုးမောက်ဘက်ကို အမတ ၃၆၆ တပ်က ပစ်ခတ်တာမျိုးထက် ပိုကျယ်တယ်။ တမြို့လုံးနီးပါး တုန်ခါမှုဖြစ်သွားသလိုပဲဗျ” လို့ ပြောပါတယ်။

အဲဒီ တာ​ဝေးပစ်လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုကို BPDF အဖွဲ့က လုပ်ခဲ့တာဖြစ်ပြီး အထိအခိုက်ကို မသိရသေးပါဘူး။

ဗန်းမော်မြို့မှာ လွန်ခဲ့တဲ့ ၂ လအတွင်း စုပေါင်းရုံးအပါအဝင် နေရာအသီးသီးမှာ မကြာခဏ မိုင်းပေါက်ကွဲခဲ့ပြီး လူငယ်နှစ်ယောက် အကြမ်းဖက်ဖမ်းဆီးခံခဲ့ရကာ တယောက် ပစ်သတ်ခံခဲ့ရပြီး အောက်တိုဘာ ၃၁ ရက်နေ့မှာလည်း မိုးမောက်ကက်သလစ် RC ဘုရားကျောင်းအတွင်းရှိ မူကြို​ကျောင်းမှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ကာ အဆောက်အဦ ထိခိုက်ပျက်စီးခဲ့ပြီး လူသေဆုံးမှု မရှိခဲ့ဘူးလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013