DVB Logo
Home
မြန်မာသတင်း
အဓမ္မလုပ်အားခိုင်းစေသည့် မြဝတီ Call Center ဂိုဏ်းခေါင်းဆောင်အား ဘန်ကောက်တွင်ဖမ်းမိ
DVB
·
November 2, 2022
အဓမ္မလုပ်အားခိုင်းစေသည့် မြဝတီ Call Center ဂိုဏ်းခေါင်းဆောင်အား ဘန်ကောက်တွင်ဖမ်းမိ
Donate to DVB

အွန်လိုင်းကနေ ဝင်ငွေကောင်းတဲ့ အလုပ်လုပ်ရမယ် လိမ်ပြောပြီး ထိုင်းနိုင်ငံသားတွေကို မြန်မာနိုင်ငံ မြဝတီမြို့သို့ တရားမဝင်ပို့ဆောင်ကာ အဓမ္မလုပ်အားခိုင်းစေခဲ့တဲ့ Call Center ဂိုဏ်းက အဓိကခေါင်းဆောင်တဦးဖြစ်သူ တရုတ်အမျိုးသား ၁ ဦးအား ဖမ်းဆီးရမိတယ်လို့ ထိုင်း အမျိုးသားရဲတပ်ဖွဲ့က အောက်တိုဘာ ၃၁ ရက်နေ့မှာ သတင်းစာရှင်းလင်းခဲ့ပါတယ်။ 

အဆိုပါတရုတ်အမျိုးသားမှာ အသက် ၃၃ နှစ်ရွယ် ဟုန်ထိန်ယုံ ခေါ် အားယုံဖြစ်ပြီး ထိုင်းနိုင်ငံထဲကို ပြီးခဲ့တဲ့ မေလကမှ ဝင်ရောက်လာခဲ့ကြောင်း၊ သူဟာ လက်ဝှေ့ထိုးတော်ပြီး ထိုင်းမှာလည်း လက်ဝှေ့ကလပ်ဗန်းပြအနေနဲ့ ဖွင့်ထားကာ နောက်ကွယ်မှာ ကော်လ်စင်တာ လို့ခေါ်တဲ့ ငွေလိမ်ဂိုဏ်းကို ကြိုးကိုင်နေသူတဦး ဖြစ်တယ်လို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ရဲချုပ် ကျီလဖုပ်ဖူမိတေချ်က ပြောပါတယ်။ 

ဒီမတိုင်ခင် မနှစ်က ထိုင်းနိုင်ငံသား ၇ ဦးဟာ အွန်လိုင်းပေါ်ကနေ   ဝင်ငွေကောင်းတယ်ဆိုတဲ့ ကော်လ်စင်တာအလုပ်ရမယ်ဆိုလို့ လျှောက်ထားခဲ့ကြောင်း၊ အလုပ်ရှင်ဘက်က သူတို့ကို တာ့ခ်ခရိုင် မဲဆောက်မြို့ တရားမဝင်တောလမ်းကနေ မြန်မာဘက်ခြမ်း JinXin Holdings ကုမ္ပဏီကို ပို့ပေးခဲ့တယ်လို့ ဆိုပါတယ်။ 

အဲဒီကိုရောက်တဲ့အခါ ကွန်ပြူတာရှေ့မှာ တနေကုန် (၁၂ နာရီ) ထိုင်ပြီး ပရိုဖိုင်းပုံအမျိုးမျိုးနဲ့ လူတွေကို ချစ်ကြိုက်ချင်ယောင်ဆောင်ကာ ဆွဲဆောင်ပြီး အတူရင်းနှီးမြှုပ်နှံဖို့ ငွေလိမ်တောင်းပေး ရတဲ့အလုပ်ကို လုပ်ရတယ်လို့ ဆိုပါတယ်။ 

သတ်မှတ်ထားတဲ့ သားကောင်အရေအတွက်၊ ငွေပမာဏမရဘူးဆိုရင် အမှောင်ခန်းထဲ လှောင်ထားခံရကြောင်း၊ ဒါ့အပြင် လျှပ်စစ်ကျဉ်စက်နဲ့ အတို့ခံရတာ၊ ဆံပင်ရိတ်ခံရတာတွေရှိပြီး ထွက်ပြေးလို့မရ၊ အဲဒီကနေထွက်ချင်ရင် ဘတ်ငွေ ၅၀၀၀၀ ပေးရမယ်ဆိုလို့ သည်းမခံနိုင်သူတွေက မိဘဆွေမျိုးတွေကို ချေးငှားပေါင်နှံခိုင်းပြီး ငွေပေးကာ ထွက်လာခဲ့ရတယ်လို့ ဆိုပါတယ်။ 

ထွက်ပြေးလာသူတွေ တိုင်ကြားချက်အရ ရဲတပ်ဖွဲ့က ပါဝင်ပတ်သက်သူတွေကို စုံစမ်းရာမှာ အဆိုပါဂိုဏ်းထဲမှာ တရုတ်နိုင်ငံသား ၃ ဦး၊ မလေးရှား ၁ ဦး၊ မြန်မာ ၃ ဦး၊ ဖိလစ်ပိုင် ၂ ဦး၊ ထိုင်းနိုင်ငံသား ၁၁ ဦး ပါဝင်ကြောင်းသိရှိရပြီး တရားခံ ၇ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။ 

အားယုံကတော့ ၈ ဦးမြောက်ဖြစ်ကာ သူ့ကို တရားရုံးက ဖမ်းဝရမ်းစာနဲ့ အောက်တိုဘာ ၃၀ ရက်က ဘန်ကောက် ဘန်ခဲင်နယ်မြေ အနုဆာဝရီမြို့နယ် ရမ်းအင်ထရာလမ်းရှိ ကားပါကင်ရုံတခုထဲမှာ ဖမ်းဆီးရမိခဲ့ပါတယ်။

အားယုံကတော့ သူဘာမှမသိရကြောင်း၊ သူ့ကိုဘာလို့ဖမ်းလဲဆိုတာလည်းမသိ၊ ကော်လ်စင်တာအဖွဲ့နဲ့လည်း လုံးဝမပတ်သက်ဘူးဆိုတာ ၁၀၀ ရာခိုင်နှုန်း ကျိန်ပြောရဲတယ်လို့ ထိုင်းဘာသာနဲ့ သတင်းထောက်တွေကို ပြောပါတယ်။ 

ရဲတပ်ဖွဲ့ကတော့ သူ့ကို လူကုန်ကူးမှု၊ လိမ်လည်မှုတွေနဲ့ တရားစွဲထားပြီးနောက် လွတ်မြောက်နေတဲ့ ပါဝင်ပတ်သက်သူတွေအားလုံးကို ဖမ်းဆီးရမိဖို့ ကြိုးစားသွားမယ်လို့  ပြောသွားပါတယ်။ 

Ref-Matichon/Ch7

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013