DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီ ပြင်ဆင်ပြဋ္ဌာန်းသည့် အမျိုးသားပညာရေးဥပဒေတွင် တိုင်းရင်းသားဘာသာစကား သင်ခွင့်မရ
DVB
·
November 2, 2022
စစ်ကောင်စီ ပြင်ဆင်ပြဋ္ဌာန်းသည့် အမျိုးသားပညာရေးဥပဒေတွင် တိုင်းရင်းသားဘာသာစကား သင်ခွင့်မရ
Donate to DVB

အခြေခံပညာကျောင်းတွေမှာ တိုင်းရင်းသားဘာသာစကား သင်ခွင့်မရတော့တာ အပါအဝင် ပညာရေးလွတ်လပ်ခွင့်တွေကို ပိတ်ပင်ကန့်သတ်ချုပ်ချယ်ထားတဲ့ မြန်မာနိုင်ငံ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေတရပ်ကို စစ်ကောင်စီက  အောက်တိုဘာ ၂၉ ရက်မှာ ပြဋ္ဌာန်းထားပါတယ်။

အဲဒီ ပြင်ဆင်ပြဋ္ဌာန်းလိုက်တဲ့ဥပဒေမှာ ပုဒ်မ ၂၁ ခုပါဝင်ပြီး ၂၀၁၄ ကပြဋ္ဌာန်းတဲ့ အမျိုးသားပညာရေးဥပဒေနဲ့ ၂၀၁၅ မှာ ပြင်ဆင်ပြဋ္ဌာန်းတဲ့ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းတဲ့ ဥပဒေ ၂ ရပ်ထဲကနေ အစားထိုးတာ ၁၈ ချက်၊ ဖြည့်စွက်တာ ၂ ပိုဒ်နဲ့ ပယ်ဖျက်လိုက်တဲ့ ပုဒ်မနဲ့ ပုဒ်မခွဲအရေအတွက် ၆ ခုရှိပါတယ်။

ပယ်ဖျက်လိုက်တဲ့ ပုဒ်မတွေထဲမှာ အဆင့်မြင့်ပညာကျောင်းတွေမှာ ဆရာများသမဂ္ဂနဲ့ ကျောင်းသားများသမဂ္ဂကို တက္ကသိုလ်ပဋိညာဉ်နဲ့ ဖွဲ့စည်းခွင့်ပြုထားတဲ့ ပုဒ်မ ၄၊ ပုဒ်မခွဲ (ဂ) အပါအဝင် တခြား ပညာရေးလွတ်လပ်ခွင့်နဲ့ ပတ်သက်တဲ့ ပုဒ်မ၊ ပုဒ်မခွဲတွေ ပယ်ဖျက်ခံလိုက်ရတာပါ။

အစားထိုးပြင်ဆင်ချက်ထဲမှာလည်း အမျိုးသားပညာရေးမူဝါဒကော်မရှင်ကို အမျိုးသားပညာရေး ကော်မရှင်လို့ အမည်ပြောင်းလိုက်ပြီး ကော်မရှင်ထဲမှာ နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်က အဆိုပြုသူတွေ မထည့်သွင်းဘဲ အဖွဲ့ဝင်ဦးရေလျှော့ချပြီး ကော်မရှင်ရဲ့ လုပ်ကိုင်ဆောင်ရွက်ပိုင်ခွင့်တွေကို ဝန်ကြီးဌာနက တိုက်ရိုက်ထိန်းချုပ်တဲ့ပုံစံနဲ့ အစားထိုး ပြင်ဆင်လိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာဘာသာစကားကို အခြေခံပညာအဆင့်မှာ စာသင်ခန်းသုံးဘာသာစကားအဖြစ် အသုံးပြုရမယ်လို့ အစားထိုးလိုက်ပါတယ်။

အရင်က ပြဋ္ဌာန်းထားတဲ့ ဥပဒေမှာတော့ မြန်မာဘာသာနဲ့ အင်္ဂလိပ်ဘာသာကို တခုချင်းဖြစ်စေ တွဲလျက်ဖြစ်စေ သင်ကြားရေးမှာ အသုံးပြုနိုင်ပြီး လိုအပ်ပါက တိုင်းရင်းသားဘာသာစကားကိုပါ မြန်မာဘာသာစကားနဲ့ ယှဉ်တွဲအသုံးပြုနိုင်ကြောင်း ပါရှိပါတယ်။

အဲဒီ အစားထိုးပြင်ဆင်ချက်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှာရှိတဲ့ ဗမာမဟုတ်တဲ့ တခြားတိုင်းရင်းသားတွေရဲ့ မိခင်ဘာသာစကား ပပျောက်အောင် ရည်ရွယ်ချက်နဲ့ လူမျိုးကြီးဝါဒဆန်စွာ ပြုလုပ်တယ်လို့ ရှုမြင်ပြီး  ရက္ခိုင်ပြည်ကျောင်သားများသမဂ္ဂက ကန့်ကွက်ကြောင်း ရခိုင်ဒေသတွင်းမီဒီယာ Development Media Group (DMG) က ဖော်ပြပါတယ်။

အခု စစ်ကောင်စီက ပြင်ဆင်တဲ့ ဥပဒေနဲ့ပတ်သက်ပြီး ၂၀၁၅ ဒီမိုကရေစီပညာရေးသပိတ် လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူတယောက်လည်းဖြစ်၊ ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်ခရိုင်) ရဲ့ ကော်မတီဝင်တယောက်လည်းဖြစ်သူ ကိုမင်းလွင်ဦးက “အခုပြင်လိုက်တဲ့အထဲမှာဆို ဖက်ဒရယ်ပညာရေးထဲက အစိတ်အပိုင်းဖြစ်တဲ့ မိခင်ဘာသာစကားနဲ့ ပတ်သက်တာတွေ အကုန်ဖြုတ်လိုက်တာမျိုး တွေ့ရတယ်။ အစ်ကိုတို့အနေနဲ့က စစ်ကောင်စီကို နဂိုကတည်းက လက်မခံလို့ပဲ တနိုင်ငံလုံး အခုထိ တော်လှန်နေတာ။ အခုလို စစ်ကောင်စီက ပြင်တဲ့ဥပဒေဖြစ်ဖြစ်၊ ရေးတဲ့ဥပဒေဖြစ်ဖြစ် အသိအမှတ်မပြုဘူး” လို့ ပြောပါတယ်။

အမျိုးသားပညာရေးဥပဒေကို ၂၀၁၄ စက်တက်ဘာလမှာ ပြဋ္ဌာန်းခဲ့ပြီး ကျောင်းသားတွေရဲ့ ၂၀၁၅ ဒီမိုကရေစီပညာရေးသပိတ် လှုပ်ရှားမှုအပြီး ဇွန်လမှာတကြိမ် ပြင်ဆင်ခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013