Live
Home
မြန်မာသတင်း
ရခိုင်နှင့် ချင်းပြည်နယ် တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၄ ဦးသေဆုံးဟု အေအေ ထုတ်ပြန်
DVB
·
November 2, 2022

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှာ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွားပြီး အောက်တိုဘာ နောက်ဆုံးပတ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၄ ယောက် သေဆုံးကာ ဒဏ်ရာရရှိခဲ့သူ ၂၆ ယောက်အထိ ရှိခဲ့တယ်လို့ အေအေက နိုဝင်ဘာ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ရသေ့တောင်မြို့နယ် ချိန်ခါလီကျေးရွာ မြောက်ဘက် မီတာ ၃၀၀ လောက်အကွာမှာ အောက်တိုဘာ ၂၆ ရက် ညနေ ၄ နာရီကျော်လောက်က စစ်ကောင်စီတပ်နဲ့ အေအေတို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက် သေဆုံးကာ လက်နက်ငယ် ၂ လက်နဲ့ ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဘူးသီးတောင်မြို့နယ် တောင်ရွာကျေးရွာရဲ့ အနောက်ဘက် မီတာ ၅၀၀ လောက်မှာ စစ်ကောင်စီတပ် တပ်မ ၂၂ လက်အောက်ခံ ခမရ ၂၀၉ နဲ့ ခမရ ၂၁၀ ပူးပေါင်းတပ်ဖွဲ့နဲ့ အေအေတို့အကြား ၃ နာရီခန့်ကြာ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီဘက်က ၁၁ ယောက်လောက် ကျဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၁၅ ယောက်အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ပွဲဧရိယာတွေကို စစ်ကောင်စီဘက်က သရက်တောင်ကျေးရွာအနီးနဲ့ ဂူတာပြင်ကျေးရွာအနီးမှာ တပ်စွဲထားတဲ့ စခန်းနဲ့ နခခ ၈ တပ်ရင်းတွေက လက်နက်ကြီးပစ်ကူခဲ့တာတွေ ရှိတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ကျောက်တော်မြို့နယ် ရုပ်သားကျေးရွာအနီးမှာ စစ်ကောင်စီရဲ့ စကခ ၉ လက်အောက်ခံ ခမရ ၃၇၃ တပ်ရင်းနဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့အကြား အောက်တိုဘာ ၂၉ ရက် မနက် ၉ နာရီကျော်လောက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက် သေဆုံးကာ ဒဏ်ရာရရှိသူတချို့လည်း ရှိခဲ့တယ်လို့ ဆိုထားပါတယ်။

အဲ့ဒီတိုက်ပွဲဖြစ်နောက် စစ်ကောင်စီတပ်က ရုပ်သားရွာ ဘုန်းကြီးကျောင်းကို နေ့လယ်ပိုင်းမှာ ဒရုန်း ၁ စင်းနဲ့ လာရောက်တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။

ပလက်ဝမြို့နယ် မြိတ်ဝကျေးရွာရဲ့ အနောက်ဘက် မီတာ ၈၀၀ လောက်အကွာရှိ စစ်ကောင်စီစခန်းတခုကို အေအေဘက်က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က တယောက်သေဆုံးကာ တယောက် ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မောင်တောမြို့နယ် သာယာကုန်းကျေးရွာရဲ့ မြောက်ဘက် ၁ ဒသမ ၃ ကီလိုမီတာအကွာမှာ အောက်တိုဘာ ၃၁ ရက် နေ့လယ် ၂ နာရီလောက်ကနေ ညနေ ၄ နာရီအထိ တပ်မ ၂၂ လက်အောက်ခံ ခမရ ၂၀၁ တပ်ရင်းနဲ့ အေအေတို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ယောက်သေဆုံးကာ ၁၀ ယောက်ခန့် ဒဏ်ရာရရှိခဲ့ကြပြီး လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့အကြား နေ့စဉ် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုတွေ ရှိနေပြီး စစ်ကောင်စီက ကျေးရွာတွေကို ပစ်မှတ်ထားကာ လက်နက်ကြီးတွေနဲ့ နေ့တိုင်း ပစ်ခတ်မှုတွေ ရှိနေပြီး အောက်တိုဘာလအတွင်း အပြစ်မဲ့ အရပ်သားပြည်သူ ၆ ယောက်သေဆုံး၊ ၂၁ ယောက် ဒဏ်ရာရရှိကာ ကျွဲ၊ နွား တိရစ္ဆာန်တချို့ ထိခိုက်သေဆုံးခဲ့ကြတယ်လို့ ဆိုပါတယ်။

အောက်တိုဘာ နောက်ဆုံးအပတ် တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က သေဆုံးသူတွေနဲ့ ဒဏ်ရရှိသူတွေရဲ့ စာရင်းကို ထုတ်ပြန်ထားပေမဲ့ ရက္ခိုင့်တပ်တော် (အေအေ) တပ်ဖွဲ့ဝင်တွေရဲ့ အကျအဆုံးနဲ့ ဒဏ်ရာရရှိသူတွေရဲ့ စာရင်းကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာ မရှိပါဘူး။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့အကြား တိုက်ပွဲပြင်းထန်မှုတွေ ရှိလာတာကြောင့် စစ်ကောင်စီက အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်လာတာတွေရှိသလို ရေလမ်း၊ ကုန်းလမ်းတွေကိုလည်း ပိတ်ဆို့ထားတာတွေကြောင့် ဒေသခံတွေအကြား အခက်အခဲတွေ များစွာဖြစ်ပေါ်နေပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024