
မြန်မာနိုင်ငံမှာ အာဏာသိမ်း ၁ နှစ်ခွဲကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၄၀၇ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၆,၀၃၁ ယောက်ထိရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။
ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါ တယ်။
နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၂,၈၂၁ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၆၁၆ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။
တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူအရေတွက်ကတော့ ၈၆ ယောက်ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၂၈ ယောက် ရှိလာခဲ့ပြီဖြစ်ပါတယ်။
လတ်တလောအချိန်ထိ အာမခံနဲ့ လွတ်မြောက်သူ ၂၂ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃,၁၈၈ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အေအေပီပီကနေ လက်လှမ်းမီသမျှ မှတ်တမ်း ပြုစုထားချက်အရ အာဏာသိမ်းချိန်ကနေ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ထိ အကြမ်းဖက်စစ်အုပ်စုက မတရားချိပ်ပိတ်သိမ်းဆည်းခဲ့တဲ့ နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း ၇၈၆ ခုထက်မနည်း ရှိခဲ့ တယ်လို့ ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေကို ဆေးဝါးထောက်ပံ့တယ်လို့ စွပ်စွဲပြီး အာဏာရှင်ဖီဆန်ရေးလူပ်ရှားမှု (CDM) ပြုလုပ်ထားကြတဲ့ မန္တလေးဆေးတက္ကသိုလ်ခွဲစိတ်ဌာနမှ ခွဲစိတ်ကထိက ဦးမင်းဇော်ဦး၊ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးမှ သူနာပြုဆရာမ ဒေါ်ဇင်မာဝင်း၊ မန္တလေးဗဟိုအမျိုးသမီးဆေးရုံကြီးမှ သားဖွားဆရာမ ဒေါ်ပိုးသန္တာအောင်၊ သူနာပြုဆရာမတွေဖြစ်ကြတဲ့ ဒေါ်ကြည်သဒ္ဓါဖြူနဲ့ ဒေါ်ယွန်း နန္ဒာထွန်းတို့ကို အောက်တိုဘာ ၂၉ ရက်မှာ အကြမ်းဖက် စစ်အုပ်စုက မန္တလေးမြို့မှာ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်ည ၁၁ နာရီလောက်ကလည်း ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ) ၉ မှ လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့ရာ လက် နက်ကြီးကျည် ၁ လုံးဟာ ကျောက်တော်မြို့နယ်၊ ပီစိကျေးရွာက နေအိမ်တလုံးအနီးကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အဆိုပါနေအိမ်ထဲမှာ အိပ်ပျော်နေတဲ့ မိသားစုဝင် ၃ ယောက် နေရာတင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ မိသားစုဝင် ၃ ယောက်ကတော့ ဦးစိုးဝင်း၊ ဒေါ်သန်းသန်းဝေ (ခ) ပုကေနဲ့ သူတို့ရဲ့ သမီးဖြစ်သူ အသက် ၁၄ နှစ်အရွယ် ဆဋ္ဌမတန်းကျောင်းသူ မဖြိုးဖြိုးဝေ တို့ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သူတို့ ပိုင်ဆိုင်တဲ့ နွားလေးကောင်လည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။
ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။