DVB Logo
Home
မြန်မာသတင်း
စစ်တပ်၏အကြမ်းဖက်မှုကြောင့် မြန်မာ ကလေးငယ် ၅ သိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရ
DVB
·
November 2, 2022
စစ်တပ်၏အကြမ်းဖက်မှုကြောင့် မြန်မာ ကလေးငယ် ၅ သိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရ
Donate to DVB

မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် နေရပ်စွန့်ခွာ အိုးအိမ်မဲ့ဖြစ်ခဲ့ရသူ ကလေးငယ်အရေအတွက်ဟာ ၅ သိန်းကျော်သွားခဲ့ပြီဖြစ်သလို အဲဒီအရေအတွက်ဟာ အလျင်အမြန်တိုးလာနေတယ်လို့ Save the Children အဖွဲ့က နိုဝင်ဘာ ၁ ရက်မှာ ကြေညာပါတယ်။

စစ်တပ်ရဲ့အကြမ်းဖက်မှုတွေနဲ့ လက်နက်ကိုင်တိုက်ပွဲတွေကြောင့် ကလေးငယ် ၅၂၀,၀၀၀ အပါအဝင် စုစုပေါင်း လူဦးရေ ၁ ဒသမ၄ သန်းကျော်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပြီး အဲဒီထဲက ၁ ဒသမ ၁ သန်းကတော့ စစ်တပ် အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်းမှာ နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရသူတွေ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရသူ ကလေးငယ်အရေအတွက် စုစုပေါင်း ၄၇၀,၀၀၀ ရဲ့ ၆၃ ရာခိုင်းနှုန်းဖြစ်တဲ့ ၂၅၇,၀၀၀ လောက်ဟာ ပြီးခဲ့တဲ့ ကိုးလအတွင်း အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရတယ်လို့ ဆိုပါတယ်။

Save the Children ရဲ့ အာရှပရိုဂရမ်ဒါရိုက်တာ အိုလီဗီယာဖရန်ချီက “နောက်ထပ် တစ်နှစ် မပြည့်သေးခင်အချိန်မှာ အိုးအိမ်စွန့်ပြေးခဲ့ရတဲ့ ကလေးငယ်အရေအတွက်က ၅ သိန်း ဖြစ်သွားပြီ။ ဒီအရေအတွက်ကို တကမ္ဘာလုံးက စိုးရိမ်စရာ သတိပေးချက်အဖြစ် သိမြင်ဖို့လိုတယ်။ ကမ္ဘာပေါ်မှာ ဘေးဒုက္ခအမျိုးမျိုး ရင်ဆိုင်နေကြရတဲ့အချိန်မှာ မြန်မာနိုင်ငံက ကလေးငယ်တွေကိုလည်း မမေ့ထားကြဖို့ လိုတယ်” လို့ ပြောပါတယ်။

အခုဖော်ပြထားတဲ့ အရေအတွက်ထဲမှာ လွန်ခဲ့တဲ့ ၅ နှစ်ကျော်ကတည်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရတဲ့ ကလေးငယ် ၅ သိန်းကို ထည့်သွင်းရေတွက်ထားခြင်း မရှိဘူးလို့ Save the Children က ပြောပါတယ်။

မြန်မာနိုင်ငံမှာ အခုလက်ရှိ နေရပ်စွန့်ခွာထွက်ပြေးနေကြရသူတွေဟာ တောထဲမှာ ယာယီတဲတွေနဲ့ နေထိုင်နေကြရပြီး ဆာလောင်မှုဒဏ်၊ ဖျားနာမှုဒဏ်တွေအပြင် အနိုင်ကျင့်ခံရမှုနဲ့ လူကုန်ကူးခံရမှု အန္တရာယ်တွေကိုလည်း ရင်ဆိုင်နေကြရပါတယ်။

မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု အကူအညီလိုအပ်မှုတွေ အများအပြားရှိနေပြီး မြန်မာနိုင်ငံက ဘေးသင့်နေသူတွေကို ကူညီဖို့ ရန်ပုံငွေလိုအပ်ချက်ဟာ ကမ္ဘာပေါ်မှာ အမြင့်ဆုံးတွေထဲက တခု ဖြစ်ကြောင်း Save the Children က သတိပေးခဲ့သလို မြန်မာနိုင်ငံက ကလေးငယ်တွေကို ကူညီကာကွယ်ဖို့ ပိုမိုဆောင်ရွက်ကြဖို့ နိုင်ငံတကာအသိုင်းကို တိုက်တွန်းထားပါတယ်။

အာဆီယံခေါင်းဆောင်တွေအနေနဲ့ လာမယ့်နိုဝင်ဘာလမှာ ကျင်းပမယ့် ညီလာခံမှာ မြန်မာ့အရေး ဖြေရှင်းဖို့ ခိုင်မာတဲ့လုပ်ငန်းစဉ်တွေ ချမှတ်ဖို့၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မြန်မာ့အရေးကို ပွင့်ပွင့်လင်းလင်းဆွေးနွေးပြီး မြန်မာနိုင်ငံက ကလေးငယ်တွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးနိုင်မယ့် ဆုံးဖြတ်ချက်တွေ မြန်မြန်ဆန်ဆန်ချမှတ်ပေးဖို့လည်း Save the Children က တောင်းဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာ စာသင်ကျောင်းကို စစ်တပ်က  လေကြောင်းကနေ ပစ်ခတ်တိုက်ခတ်လို့  ကလေးငယ် ၁၁ ဦး သေဆုံးခဲ့ရပြီး ၁၇ ဦး ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013