ပဲခူးတိုင်း၊ ပြည်မြို့နယ်မှာ စစ်ကောင်စီဩဇာခံ ထောင်တွင်းတရားရုံးက နိုင်ငံရေးအမှုနဲ့ ဖမ်းဆီးခံရသူတွေကို ပုဒ်မတွေများစွာတပ်ပြီး အလီလီခွဲကာ ပြစ်ဒဏ်တွေချမှတ်နေတဲ့အတွက် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရသူတွေ များလာနေတယ်လို့ နိုင်ငံရေးအကျဉ်းသား မိသားစုအသိုက်အဝန်းကနေ သိရပါတယ်။
အခုရက်ပိုင်း ပြည် အကျဉ်းထောင်မှာ ဖမ်းဆီးခံရတဲ့ နိုင်ငံရေးလှုပ်ရှားသူတွေကို စစ်ကောင်စီတရားရုံးက ထောင်ဒဏ်အမိန့်တွေ ချမှတ်နေရာမှာ တရားစွဲခံရတဲ့ ပုဒ်မသူတွေကို ထောင်ဒဏ် တပေါင်းတည်းမပေးလို့ ထောင်ချခံရတဲ့နှစ်တွေက အရမ်းများလာတယ်လို့ နိုင်ငံရေးအကျဉ်းသားတယောက်ရဲ့ မိသားစုဝင်က ပြောပါတယ်။
“သူတို့က ပုဒ်မတွေခွဲပြီး ချနေတော့ နှစ်တွေ များသွားတာပေါ။ ကိုပြည့်စုံဆို အကုန်မချရသေးဘူး။ သူ့ကို ပုဒ် ၅၀၅ အတွက် ၃ နှစ်၊ ပုဒ်မ ၅၀ (က) အတွက်နဲ့ ပုဒ်မ ၅၂ က ကျန်သေးတယ်။ သူလည်း လန့်နေတယ်။ နောက်ထပ်ကော ပုဒ်မတွေထပ်လာဦးမှာလား မသိသေးဘူးတဲ့၊ နောက် ထွန်းဖုန်းမြင့်မြတ်ဆို အနှစ် ၄၀ ချပြီးပြီ၊ ပုဒ်မတွေ ထပ်ကျန်သေးတယ်။ ရုံးချိန်း ထွက်နေရသေးတယ်၊ မပြီးသေးဘူး၊၊ အဲဒီအနှစ် ၄၀ ဆိုတာကလည်း ခွဲချလို့ အဲဒီလောက် များသွားတာ။”
အလားတူ နိုင်ငံရေးလှုပ်ရှားမှုနဲ့ အဖမ်းခံထားရတဲ့ ကိုဟိန်းမြတ်ကို စစ်ကောင်စီက ထောင်ဒဏ် ၆၉ နှစ်၊ ကိုဓာတ်ခဲကို ၁၇ နှစ်၊ ကိုထွန်းလတ်ကို အနှစ် ၄၀၊ သဲကုန်းကကျောင်းဆရာလေး ကိုဇင်လင်းထက်ကို ထောင်ဒဏ် ၄၄ နှစ်ခွဲ၊ ကိုအရိုး (ခ) ကိုမင်းသီဟမွန်ကို အမှု ၆ မှုအတွက် ထောင်ဒဏ် နှစ် ၃၀ ၊ ကိုသန်းနိုင်အောင်ကို အမှု ၂ မှုအတွက် ၁၂ နှစ် ၊ ကိုထွန်းထွန်းနိုင်ကိုလည်း အမှု ၂ မှုအတွက် ၁၂ နှစ်၊ ကိုညီညီနိုင်က ၈ မှုအတွက် အနှစ် ၃၀၊ မဇာဇာထက်က ၆ မှုအတွက် ၂၄ နှစ်နဲ့ မမနန်းယုမေက ၄ မှုအတွက် ၁၈ နှစ် စသဖြင့် လတ်လော ထောင်ဒဏ်တွေ ချမှတ်ခံထားရပြီး တချို့ကတော့ နောက်ထပ်အမှုတွေနဲ့ ထောင်ဒဏ်ထပ်တိုးလာဖို့ရှိနေပါတယ်။
နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တယောက်က “တပေါင်းတည်းမပေးတာကြောင့် နှစ်တွေအ ရမ်းများသွားတာ။ စစ်ကောင်စီကပဲ တိုက်ရိုက် လုပ်ခိုင်းနေတာလား။၊ တရားသူကြီးကပဲ လုပ်နေတာလားတော့ မသိပါဘူး၊ ထောင်ထဲမှာလည်း အမိန့်ချဖို့ အများကြီးကျန်နေသေးတယ်”လို့ ပြောပါတယ်
အလားတူ မကွေးတိုင်း၊ ဒေါင်းနေထောင်တရားရုံးကလည်း နိုင်ငံရေး အကျဉ်းသားတွေကို နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်နေပါတယ်။
လတ်တလော တောင်တွင်းကြီးမြို့နယ်က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်လှိုင်ကိုလည်း အကြမ်းဖက် ဥပဒေပုဒ်မတွေနဲ့ အမှုပေါင်း ၁၃ မှုအတွက် ထောင်ဒဏ် စုစုပေါင်း ၁၇၃ နှစ်ချမှတ်ခဲ့သလို ကိုအောင်ခန့်ဦးကိုလည်း နှစ်ပေါင်း ၁၈၀ ထောင်ဒဏ် ချမှတ်ထားပါတယ်။