
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်ကျေးရွာအနီးကို စစ်ကောင်စီက တိုက်ခိုက်ရေး ဂျက်လေယာဥ်တွေနဲ့ လာရောက်ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဂူတာပြင်ကျေးရွာထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတာတွေ ရှိသလို ကျေးရွာအနီးမှာ ရက္ခိုင့်တပ်တော် (အေအေ) တပ်စွဲထားတာတွေရှိပြီး နှစ်ဖက်ပစ်ခတ်မှုတွေ မကြာခဏရှိကြတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။
ဒါအပြင် စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေသလို အခုရက်ပိုင်းအတွင်း တိုက်လေယာဥ်တွေ အသုံးပြုပြီး လာရောက်ပစ်ခတ်နေတယ်လို့ ကျေးရွာသားတဦးက ပြောပါတယ်။
"စစ်ကောင်စီဘက်ကနေပြီး အောက်တိုဘာလ ၂၉ ရက်လောက်ကတည်းက တိုက်ခိုက်ရေး ဂျက်လေယာဥ်တွေနဲ့ လာပစ်နေတာ။ ရွာအနီးက တောင်တန်းတွေကို အဓိကလာပြီးပစ်ခတ်တာ။ တိုက်ပွဲဖြစ်တာတွေ ရှိမရှိဆိုတာတော့ အတိအကျ မသိကြရဘူး။ ရွာသားတွေကလည်း အကုန်လုံးထွက်ပြေးနေကြရတော့ သေချာတော့ မသိရဘူး" လို့ ပြောပါတယ်။
ဂူတာပြင်ကျေးရွာအနီးမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေဟာ တပ်စခန်း တိုးချဲ့နေတာတွေရှိတယ်လို့ ကျေးရွာသားတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်နေ့က ဂူတာပြင်ကျေးရွာက ကျောင်းဆရာဦးရှေကုလ်အစ္စလာမ် ပစ်သတ်ခံခဲ့ရသလို သပိတ်တောင်၊ ဖိုးခေါင်ချောင်၊ အလယ်ချောင်း၊ သရက်တောင်နဲ့ တခြားကျေးရွာတွေမှာလည်း ပြီးခဲ့တဲ့လတွေက လက်နက်ကျည်ကျရောက်ပြီး ဒေသခံတွေ သေဆုံးသူတွေနဲ့ ထိခိုက်ဒဏ်ရာရှိမှုတွေရှိခဲ့ကြပါတယ်။
လက်ရှိမှာ ဂူတာပြင်ကျေးရွာက ကျေးရွာသား ၁ ထောင်ကျော်လောက်ဟာ နီးစပ်ရာကျေးရွာတွေမှာ စစ်ဘေးရှောင်နေကြရပါတယ်။