Home
မြန်မာသတင်း
စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရသဖြင့် ၃ ဦးကျဆုံးပြီး ၁၀ ဦးခန့် ဒဏ်ရာရ
DVB
·
November 1, 2022
313421678_856515985370796_2205235953941286235_n
AA arrested arm by SAC

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း တောင်ပြိုလက်ဝဲကို တက်လာတဲ့ စစ်ကြောင်းအား အောက်တိုဘာ ၃၁ ရက် နေ့လယ် ၂ နာရီလောက် သာယာကုန်းနဲ့ သင်္ဘောလှကျေးရွာအကြားမှာ ရက္ခိုင့်တပ်တော်(အေအေ)က ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ဦး ကျဆုံးပြီး ၁၀ ဦးလောက်  ဒဏ်ရာရခဲ့တယ်လို့ အေအေက ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၃၁ ရက်နေ့၊ နေ့လယ် ၂ နာရီလောက်မှ ညနေ ၄ နာရီလောက်အထိ  မောင်တောမြို့နယ်မြောက်ပိုင်း၊ သာယာကုန်း(ရခိုင်ရွာ) ရဲ့ မြောက်ဘက် ၁.၃ ကီလိုမီတာ အကွာအဝေးမှာ နှစ်နာရီနီးပါးအကြာ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

အေအေတပ်ဖွဲ့ရှိရာနေရာကို စစ်ကောင်စီရဲ့ တပ်မ (၂၂) လက်အောက်ခံ၊ ခမရ (၂၀၁) တပ်ရင်း  ဝင်ရောက်လာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်က‌ ၃ ဦး ကျဆုံးရှိခဲ့ပြီး (၁၀) ဦးလောက် ဒဏ်ရာရရှိပြီး လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ရက္ခိုင်တပ်တော် အေအေ က ထုတ်ပြန်ထားပါတယ်။  

သင်္ဘောလှကျေးရွာသားတဦးက "မနေ့က နေ့လယ်ပိုင်းမှာ သာယာကုန်းကျေးရွာ ဘက်ကတက်လာတဲ့ စစ်ကြောင်းကို သင်္ဘောလှ ကျေးရွာကြားမှာ အေအေက တိုက်ခိုက်တာ" လို့ ပြောပါတယ်။

မောင်တောမြောက်ပိုင်းမှာ  ရက္ခိုင်တပ်တော် (အေအေ) က သြဂုတ် ၃၀ ရက်နေ့မှာ မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်ခြားမှတ်တိုင် ၄၀၊ စက်တင်ဘာ ၁၀ ရက်နေ့က ကြိမ်ချောင်း ၂၄ ဗျူဟာကာကင်း စခန်းဖြစ်တဲ့ ခမရ ၃၅၂ တပ်စခန်းနဲ့ စက်တင်ဘာ ၁၅ ရက်နေ့မှာ မီးတိုက်ကျေးရွာ နယ်ခြားစောင့်စခန်းတို့အား သိမ်းပိုက်နိုင်ခဲ့ပြီး နယ်ခြား မှတ်တိုင် ၄၀ မှ ၅၃ အထိ စခန်းငယ်အများစုအားလည်း တိုက်ခိုက်ထားနိုင်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုများအပြီး မောင်တောမြို့နယ်မြောက်ပိုင်းကို စစ်ကောင်စီတပ်အင်အား ၁၀၀၀ ကျော်အား ရေကြောင်းမှ ၂ ဖြတ်ခွဲကာ ဖြည့်တင်းပြီး စစ်ကြောင်း ၄ ကြောင်းခွဲကာ အေအေ တပ်ဖွဲ့ဝင်တွေရှိနိုင်တဲ့ ကျေးရွာတွေကို အဓိကစစ်ကြောင်းထိုနေတာကို အေအေဘက်က အခုလို ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။

သာယာကုန်းကျေးရွာသားတဦးက "လွန်ခဲ့တဲ့ ၄ ရက်လောက်က စစ်အင်အား ၂၀၀ လောက်ပါတဲ့ စစ်ကြောင်းက ကျနော်တို့ သာယာကုန်းမှာ အခြေချနေထိုင်ခဲ့ကြတယ်။ တစတစ ဘယ်ကိုရောက်သွားကြလဲ မသိဘူး။ မနေ့က တိုက်ပွဲဖြစ်ပြီးမှ သတိထားမိတာ တယောက်မှမရှိကြတော့ဘူး။ စစ်ကြောင်းခွဲတက်တာ ထင်ပါတယ်။ မနေ့က နောက်ဆုံးတက်တဲ့အဖွဲ့ကို အေအေက ကြားဖြတ်တိုက်တာ" လို့ ပြောပါတယ်။

တိုက်ခိုက်မှုများအပြီး စစ်ကောင်စီက လေကြောင်းကနေ လာရောက်တိုက်ခိုက်ခဲ့သလို ကျေးရွာတွေကို နေ့ရောညပါ လက်နက်ကြီး ပစ်ကူနေတာကြောင့် သာယာကုန်းနဲ့ သင်္ဘောလှကျေးရွာတွေက ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024