DVB Logo
Home
မြန်မာသတင်း
ထီးလင်းနှင့် စလင်း တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးပြီး ၁၄ ဦး ဒဏ်ရာရ
DVB
·
November 1, 2022
ထီးလင်းနှင့် စလင်း တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးပြီး ၁၄ ဦး ဒဏ်ရာရ
Donate to DVB

မကွေးတိုင်း၊ ထီးလင်းမြို့နယ်နဲ့ စလင်းမြို့နယ်တွေမှာ နိုဝင်ဘာ ၁ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၆ ယောက်ခန့်သေဆုံးကာ ၁၄ ယောက်လောက် ဒဏ်ရာရရှိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

ထီးလင်းမြို့နယ် ကျားခဲရွာမှာ မနေ့ အောက်တိုဘာ ၃၁ ရက်မှာ ညအိပ်စခန်းချပြီး ဒီနေ့ နိုဝင်ဘာ ၁ ရက် မနက်ပိုင်းမှာ နေအိမ် ၁၈ လုံးလောက် မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းကို မနက် ၉ နာရီခွဲလောက်က ပါးမျဥ်းကျေးရွာနားမှာ YDF-ထီးလင်းက တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက်သေဆုံးကာ ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ယောဒေသကာကွယ်ရေးတပ်ဖွဲ့-YDF ရဲ့ဗျူဟာမှူး သခင်ဇော်က ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ဘက်ကတော့ အစောပိုင်းမှာ ရဲဘော်တယောက် ပျောက်နေပြီး အခု လူပြန်စုံသွားတဲ့အတွက် အထိအခိုက် အကျအဆုံး မရှိခဲ့ဘူး။ ထီးလင်းမြို့နယ်ထဲမှာတော့ ဂန့်ဂေါ ခလရ ၅၀ က စစ်(...)တွေနဲ့ ပျူ(...) အင်အား ၁၀၀ လောက် ပေါင်းထားတဲ့ စစ်ကြောင်းတကြောင်းသာရှိပြီး တလကျော်အတွင်းမှာ ကျေးရွာ ၈ ရွာက အိမ်ခြေ ၁၀၀ ကျော်လောက်ကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်။”

အဲဒီ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးနေလို့ ပါးမျဥ်းကျေးရွာနဲ့ အနီးနား ကျေးရွာ ၃ ရွာက ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြပြီး YDF-ထီးလင်းအနေနဲ့ ကျန်းမာရေးစောင့်ရှောက်တာတွေ လုပ်ဆောင်ပေးနေသလို သက်ဆိုင်ရာ ကျေးရွာတာဝန်ရှိသူတွေက စားဝတ်နေရေးအတွက် ကူညီဆောင်ရွက်ပေးထားတယ်လို့ ဆိုပါတယ်။

စလင်းမြို့နယ်မှာလည်း စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ ပေါင်းပြီး စစ်ဆေးနေတဲ့ ကံပြား မြောက်ဘက်ဂိတ်ကို မင်းဘူးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်-အနောက်ပိုင်းတိုင်းက တပ်ခွဲ-၃ PPUG နဲ့ တပ်ခွဲ-၄ စလင်း-PDF တောင်ပိုင်းတို့က မိုင်းအပြင်းစား ၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် အနောက်ပိုင်းတိုင်း တပ်ခွဲ-၄ ရဲ့ တပ်ခွဲမှူး ဗိုလ်ထူးလေးက ပြောပါတယ်။

“အဲဒီမိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ၂ ယောက် ပွဲချင်းပြီးသေဆုံးကာ ၉ ယောက်လောက် ဒဏ်ရာရရှိခဲ့ပြီး ကျနော်တို့ဘက်က ရဲဘော်တွေ အထိအခိုက် အကျအဆုံးမရှိဘဲ လုံခြုံတဲ့နေရာကို ဆုတ်ခွာနိုင်ခဲ့ကြတယ်။ မိဘပြည်သူတွေအနေနဲ့ သတင်းတွေကို ကျနော်တို့ လုံခြုံတဲ့နေရာကို မရောက်သေးဘဲနဲ့ မသေချာသေးဘဲနဲ့ မတင်ကြဖို့နဲ့ မေတ္တာရပ်ခံ တောင်းဆိုချင်တယ်။ ကျနော်တို့တပ်ဖွဲ့တွေအနေနဲ့ လက်နက်ခဲယမ်းသာ ပြည့်စုံမယ်ဆိုရင် အဲဒီ မိုင်းခွဲတိုက်ခိုက်မှုအတွင်းမှာ လက်နက်တွေကို ကောက်ယူနိုင်မှာဖြစ်ပြီး လက်နက်ခဲယမ်း အားနည်းချက်ကြောင့် အဝေးကနေပဲ ပြန်လည်ဆုတ်ခွာခဲ့ရလို့ မိဘပြည်သူတွေအနေနဲ့ တတ်နိုင်သရွေ့ ထောက်ပံ့ကူညီပေးကြဖို့ တောင်းဆိုပါတယ်။”

နှစ်ဖက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

မကွေးတိုင်းအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ YDF/PDF ထိန်းချုပ်နယ်မြေတွေ များပြားလာလို့ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ပြီး နယ်မြေပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားလာသလို ပြည်သူတွေကို မတရား ဖမ်းဆီးသတ်ဖြတ်တာတွေ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ဆက်တိုက်ကျူးလွန်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013