
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ထဲမှာ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေအကြား အောက်တိုဘာ ၃၁ ရက်က တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ဒေသခံနှစ်ယောက် လက်နက်ကြီး ထိမှန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တနင်္သာရီမြို့နယ်ထဲက ညောင်ပင်ကွင်းကျေးရွာထဲကို စစ်ကောင်စီရဲ့ ခမရ ၅၆၁ တပ်ရင်းက မနက်အစောပိုင်းတည်းက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေလို့ ကျေးရွာထဲမှာရှိတဲ့ နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ပြီး အသက် ၁၃ နှစ်အရွယ် အမျိုးသမီးတယောက်နဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသားတယောက်တို့ လက်နက်ကြီး ထိမှန်ပြီး စိုးရိမ်ဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့ ဆိုပါတယ်။
ညောင်ပင်ကွင်းကျေးရွာနဲ့ ၅ မိုင်ဝန်းကျင် အကွာအဝေးမှာရှိတဲ့ ဘန်လောကျေးရွာ လမ်းဆုံဘက်မှာလည်း စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးနေရပါတယ်။
အခုဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ၄ ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိတာတွေ ရှိတယ်လို့ တိုက်ပွဲနဲ့နီးစပ်တဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တယောက်က အတည်ပြုပြောဆိုပေမဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေဆဲဖြစ်လို့ စစ်ကောင်စီဘက်က သေဆုံးမှုနဲ့ပတ်သက်ပြီး ဒီဗွီဘီအနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
အဲဒီလို တိုက်ပွဲတွေဖြစ်ပွားပြီး အောက်တိုဘာ ၃၁ ရက် ညပိုင်းမှာတော့ စစ်ကောင်စီ စစ်ကြောင်းက ဘန်လောကျေးရွာဘက်မှာ နေအိမ်တချို့ကို မီးရှို့ဖျက်ဆီးခဲ့သလို ၆ မိုင်ကျေးရွာထဲက မီးထွန်းထားတဲ့ နေအိမ်တွေထဲကို ဝင်ရောက်ပြီး ဒေသခံတွေကို ရိုက်နှက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အနေနဲ့လည်း ဒေသတွင်းတိုက်ပွဲတွေ ဆက်ပြီး ပြင်းထန်လာနိုင်လို့ ပြည်ထောင်စုလမ်းမကြီးတလျှောက်မှာရှိတဲ့ ကျေးရွာတွေအနေနဲ့ စစ်ကောင်စီစစ်ကြောင်းတွေ ဝင်လာရင် ကျေးရွာထဲမှာမနေဘဲ ဘေးလွတ်ရာမှာ နေထိုင်ကြဖို့ သတိပေးထားပါတယ်။