ပြည်သူအတွက် ရဟတ်ယာဉ်ဝယ်ယူခဲ့မှုနဲ့ပတ်သက်လို့ စွဲဆိုထားတဲ့ အဂတိမှုတွေအတွက် နိုင်ငံတော်သမ္မတဦး၀င်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို နို၀င်ဘာ ၁ ရက်က နေပြည်တော်အချုပ်အတွင်းရှိ အထူးသီးသန့်တရားရုံးမှာ ရုံးထုတ်စစ် ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။
ရဟတ်ယာဉ်နဲ့ပတ်သက်တဲ့ အမှု ၅ မှုစလုံးအတွက် အောက်တိုဘာ ၁၈ ရက်နေ့က စွဲချက်တင် အမိန့်ချလိုက်ပြီး အောက်တိုဘာ ၂၅ ရက်နေ့ကစကာ ပြန်ခေါ်သက်သေတွေကို စစ်ဆေးနေတာဖြစ်ပါတယ်။
ဒီနေ့ ရုံးချိန်းမှာ လူကယ်ပြန်က အမြဲတမ်းအတွင်း၀န် ဒေါက်တာကိုကိုနိုင်နဲ့ ဦးနေ၀င်းကို စစ်တယ်။ နောက်ရုံးချိန်းမှာ တရားလိုတွေဖြစ်တဲ့ ဦးအောင်ခန့်(အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်)နဲ့ ဦးသန်းမင်းဟိန်းကို စစ်မယ်လို့ တရားရုံးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
ဒီအမှုအတွက် ပြီးခဲ့တဲ့ ရုံးချိန်းတွေမှာ စီမံဘဏ္ဍာဒုတိယ၀န်ကြီး ဦးမောင်မောင်၀င်း၊ လူကယ်ပြန် ဒုတိယ၀န်ကြီးဟောင်း ဦးစိုးအောင်တို့ အပါအ၀င် ပြန်ခေါ်သက်သေတချို့ကို စစ်ဆေးခဲ့ပြီး ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်က ပြည်သူတွေအတွက် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်တာမှာ အသုံးပြုဖို့ ရဟတ်ယာဉ်တစ်စီး ၀ယ်ယူ၊ ငှားရမ်းတာ၊ သက်တမ်းတိုးတာ၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီက နိုင်ငံတော် သမ္မတ ဦး၀င်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာ၀င်းမြတ်အေးတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စစ်ကောင်စီ စွဲဆိုထားတဲ့ အမှုတွေထဲက ထောင်ဒဏ်ချမှတ်ခံထားရတာ စုစုပေါင်း၂၆ နှစ် ရှိပြီဖြစ်ပါတယ်။