
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကို ဒီနေ့ နိုဝင်ဘာ ၁ ရက် မနက် ၁၀ နာရီ မိနစ် ၂၀ က ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခု ဗုံးချတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်ဟာ အင်အား ၅၀ လောက်နဲ့ ကျေးရွာအတွင်း အထိုင်ချနေတဲ့ စစ်ကောင်စီတပ်လည်း ဖြစ်တယ်လို့ သိရပါတယ်။
ဒေသခံ ထီးဆောင်းရွာသားတယောက်က ”ဒီကောင်တွေ ကင်းပုန်းဝပ်ဖို့ သွားတာနေမယ်ဗျ။ ကျနော်တို့ရွာရဲ့ အရှေ့မြောက်ဘက်ကို အယောက် ၂၀ လောက် ထွက်သွားတာ မြင်လိုက်ရတယ်။ ခဏနေတော့ အုန်း ဆိုတဲ့အသံ ကြားလိုက်ရတယ်။ အစကတော့ တိုက်ပွဲဖြစ်ပြီ ထင်နေတာ။ နောက်ပိုင်း ဒဏ်ရာရတာလား၊ သေတာလားတော့ မသိဘူး၊ ၂ ဦးတော့ ပြန်ထမ်းခေါ်လာတာ မြင်လိုက်တယ်။ တခြား ပေါက်ပြဲတဲ့ကောင်တွေလည်း မြင်လိုက်ရတယ်။ ဒဏ်ရာရတဲ့ အယောက်အရေအတွက်တော့ အတိအကျ မရေလိုက်ရဘူး။ ၂ ဦးကတော့ အခြေအနေ အတော်ဆိုးမယ့်ပုံစံပဲ” လို့ ပြောပါတယ်။
စစ်ကောင်စီကလည်း စစ်ကိုင်းတိုင်းကို ထိန်းချုပ်နိုင်ဖို့အတွက် နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားနေပေမဲ့ မြေပြင်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို အနိုင်ရအောင် မတိုက်ခိုက်နိုင်ဘဲ လေကြောင်းပစ်ကူတွေပါ အသုံးပြုလာပါတယ်။
အဲဒီလို လေကြောင်းပစ်ကူနဲ့ ပစ်ခတ်ရာမှာလည်း အရပ်သားနဲ့ PDF မခွဲခြားဘဲ ပစ်ခတ်တာတွေ လုပ်ဆောင်နေတာကြောင့် စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ပွားတိုင်း ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးေနကြရတယ်လို့ ထီးဆောင်းဒေသခံတွေဆီကနေ သိရပါတယ်။
Zero ပြောက်ကျားအဖွဲ့ တာဝန်ရှိသူ ကိုသက်ကြီးက “စ(--)တွေကို ကျနော်တို့ ကင်းထောက်ဒရုန်းနဲ့ ဗုံးသီးတလုံးချ တိုက်ခိုက်ခဲ့တာ ဟုတ်ပါတယ်ဗျ။ ထိခိုက်တာကတော့ အတော်များမယ်ဗျ။ နှစ်ဦးကတော့ နေရာတင်သေတယ်။ ကျေနာ်တို့ ဒီလို ဗုံးချတိုက်ခိုက်နိုင်ဖို့ ကင်းထောက်ဒရုန်းနဲ့ ကောင်းကင်ကနေ စောင့်ကြည့်နေတာ ကြာပြီဗျ။ ဒီနေ့မှ စ(--)တွေ အပြင်စထွက်လာလို့ အလစ်ဗုံးချတိုက်ခိုက်နိုင်ခဲ့တာ။ စစ်ကောင်စီကတော့ ၂ ဦးသေ၊ ၆ ဦး ဒဏ်ရာရတယ်လို့ အတွင်းဖရဲသီးဆီကနေ သိထားရတယ်” လို့ ပြောပါတယ်။
အခုဗုံးချတိုက်ခိုက်ခံရလို့ စစ်ကောင်စီဘက်က ၂ ယောက်သေပြီး ၆ ယောက် ဒဏ်ရာရတယ်လို့ Zero အဖွဲ့ တာဝန်ရှိသူက ပြောပေမဲ့ စစ်ကောင်စီဘက်ကတော့ တစုံတရာ သတင်းထုတ်ပြထားတာ မရှိသေးပါဘူး။ စစ်ကောင်စီတပ်ဖွဲ့ဝင် အကျအဆုံးကို ဒီဗွီဘီအနေနဲ့လည်း သီးခြား အတည်ပြုချက် ရယူနိုင်တာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းကလည်း စစ်ကိုင်း-မြင်းမူသွား ကားလမ်းမှာ စစ်ကောင်စီတပ်တွေ မိုင်းရှင်းလင်းေနတုန်း အခုလို ဒရုန်းအသုံးပြု တိုက်ခိုက်ခံရတာတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။