
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှာ အောက်တိုဘာ ၃၁ ရက် ညက မွတ်စလင်အမျိုးသား ၂ ယောက်ကို တရားမဝင် ဝင်ရောက်လာတယ်လို့ စွပ်စွဲပြီး စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ချမ်းကုန်းရွာမှာ အောက်တိုဘာ ၃၁ ရက် ည ၁၀ နာရီလောက်မှာ စစ်ကောင်စီတပ်သားတွေက အသက် ၃၇ နှစ်အရွယ် ကိုမာမောက်ဟူဆောန်နဲ့ ဗေဒါကျေးရွာက အိမ်လည်လာတဲ့ အသက် ၃၃ နှစ်အရွယ် ကိုခေါ်ရီမုလ္လာတို့ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ခိုးဝင်လာတယ်လို့ စွပ်စွဲပြီး ဖမ်းဆီးသွားကြတာလို့ ချင်းကုန်းကျေးရွာခံတယောက်ကဒီဗွီဘီကို ပြောပါတယ်။
ကိုခေါ်ရီမုလ္လာဟာ ဇနီးဖြစ်သူနဲ့အတူ ချင်းကုန်းရွာက ကိုမာမောက်ဟူဆောန် ထမင်းစားဖိတ်ကြားလို့ သွားရောက်တဲ့အချိန်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ် ၂ စီးနဲ့ လက်ကိုင်ဖုန်း ၄ လုံးကိုပါ သိမ်းဆည်းသွားကြတယ်လို့ ဆိုပါတယ်။
“သူတို့ ၂ ယောက်ကို ပလ္လင်ပြင်ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ ခမရ ၃၅၄ တပ်ရင်းက စစ်(...)တွေက ကားတစီးနဲ့ လာရောက်ဖမ်းဆီးသွားတာဖြစ်ပြီး အဲဒီဘုန်းကြီးကျောင်းကနေ တဆင့် ဘယ်ကိုခေါ်သွားတယ်ဆိုတာကိုတော့ အတိအကျ မသိရသေးဘူး။”လို့ ဒေသခံက ပြောပါတယ်။
စစ်တွေမြို့နယ်မှာ အောက်တိုဘာ ၂၀ ရက် ညနေပိုင်းကလည်း ဆိတ်ကျောင်းနေတဲ့ မယ်ဇလီကုန်းကျေးရွာက အသက် ၁၅ နှစ်အရွယ် မွတ်စလင်လူငယ်တယောက်ကို စစ်ကောင်စီတပ်က သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။