
မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ကျားခဲကျေးရွာကို နိုဝင်ဘာ ၁ ရက် မနက်ပိုင်းမှာ စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျားခဲကျေးရွာ ဒေသခံတယောက်က “ထီးလင်းမြို့နယ်၊ ကျားခဲကျေးရွာကို ဒီနေ့ နိုဝင်ဘာလ ၁ ရက်နေ့ မနက် ၅ နာရီကျော်လောက်မှာ စစ်(...)စစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့ကြလို့ ပြည်သူတွေရဲ့ နေအိမ် ၁၄ လုံး မီးလောင်ဆုံးရှုံးခဲ့တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်း ပြန်ထွက်သွားတဲ့အချိန်မှာ ကျေးရွာလူငယ်တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး ဝင်ရောက် မီးငြှိမ်းသတ်ခဲ့လို့ နေအိမ် ၆ လုံးကို မီးငြိမ်းသွားပေမဲ့ နေအိမ် ၁၄ လုံးကတော့ မီးလောင်ပြာကျခဲ့ရတယ်လို့ ဆိုပါတယ်။
ဒေသခံရွာသားတဦးက “အဲဒီ စစ်(...)စစ်ကြောင်းဟာ အင်အား ၁၀ လောက်နဲ့ မနေ့က အောက်တိုဘာလ ၃၁ ရက်နေ့မှာ ကျနော်တို့ရွာဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာလို့ ရွာမှာရှိတဲ့ ပြည်သူအားလုံး အဝတ်တထည်ကိုယ်တခုနဲ့ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်။ အဲဒီစစ်(...)တွေဟာ ရွာမှာ ညအိပ်စခန်းချပြီး ပြည်သူတွေရဲ့ အဖိုးတန်ပစ္စည်းတွေနဲ့ ငွေကြေးတွေကို ခိုးယူကာ အိမ်မွေးတိရစ္ဆာန်တွေကို သတ်ဖြတ်စားသောက်ကာ ဒီနေ့မနက်ပိုင်းမှာ မီးရှို့ပြီး ၉ နာရီကျော်လောက်မှာ ပါးမျဥ်းကျေးရွာဘက်ကို ထွက်သွားကြတယ်။”
ထီးလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ YDF/PDF ထိန်းချုပ်နယ်မြေတွေ များပြားလာလို့ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ပြီး နယ်မြေပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားလာသလို ပြည်သူတွေကို မတရား ဖမ်းဆီးသတ်ဖြတ်တာတွေ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ဆက်တိုက်ကျူးလွန်နေတယ်လို့ သိရပါတယ်။