DVB Logo
Home
မြန်မာသတင်း
ကန့်ဘလူနှင့် ကလေးမြို့နယ်တို့တွင် စစ်ကောင်စီတပ် မိုင်းခွဲတိုက်ခိုက်ခံရ၊ အင်းတော်တွင် လူငယ် ၁ ဦးကို စစ်တပ်က သတ်ဖြတ်
DVB
·
November 1, 2022
ကန့်ဘလူနှင့် ကလေးမြို့နယ်တို့တွင် စစ်ကောင်စီတပ် မိုင်းခွဲတိုက်ခိုက်ခံရ၊ အင်းတော်တွင် လူငယ် ၁ ဦးကို စစ်တပ်က သတ်ဖြတ်
1 / 5
Donate to DVB

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တောင်ပိုင်းက ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို အောက်တိုဘာ ၃၁ ရက်က ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့က မိုင်း ‌၃ ကြိမ် ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ကန့်ဘလူဒေသကာကွယ်ရေးအဖွဲ့ Kanbalu Underground  Warriors မှ တာဝန်ရှိသူက ပြောပါတယ်။

မနေ့ မနက်ပိုင်းက အင်အား ၁၀၀ လောက်ပါတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ကန့်ဘလူမြို့နယ်ရှိ ရွာမ - ထိန်တောဆည်မြောင်းဘောင်မှာ တကြိမ်၊ ရွာမ - အင်းလယ်ကြီးလမ်းပိုင်းပေါ်မှာ တကြိမ် အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခဲ့ပြီး နေ့လယ်ပိုင်းမှာတော့ အင်းလယ်ကြီးကျေးရွာ အဝင်မှာ နင်းမိုင်းနဲ့ တကြိမ် ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“အဝေးထိန်းမိုင်းနဲ့က နှစ်ကြိမ်၊ ခြေနင်းမိုင်းနဲ့က တကြိမ် တိုက်ခိုက်တာ။ ရန်သူ့ဘက်က ထိခိုက်သေဆုံးမှုများတယ်လို့ ယေဘုယျ ပြောလို့ရတယ်။ ဒုတိယအကြိမ်နဲ့ တတိယအကြိမ်က ပိုများတာ။ အလောင်းအရေအတွက် အတိအကျတော့ စုံစမ်းနေဆဲပဲ။”

အဲဒီတိုက်ခိုက်မှုအားလုံးကို Kanbalu Underground  Warriors၊  MPF U - 18၊ ဒေသ တော်လှန်ရေးအင်အားစု UG တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ အောက်တိုဘာ ၂၃ ရက်ကစပြီး ကန့်ဘလူမြို့နယ်တောင်ပိုင်းက ဉာဏ်အင်းကျေးရွာ၊ ရွာမကျေးရွာ၊ ထိန်တောကျေးရွာနဲ့ အင်းလယ်ကြီးကျေးရွာတွေကို စစ်ကြောင်းထိုးကာ နေအိမ်တွေ မီးရှို့တာကြောင့် ဒေသခံတွေ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

အလားတူ စစ်ကိုင်းတိုင်း၊ ကလေးမြို့ နည်းပညာတက္ကသိုလ်အနီးနဲ့ ကလေးမြို့မြောက်ဘက် ဖောင်ကူးတံတားနားမှာ အောက်တိုဘာ ၃၁ ရက် မနက်ပိုင်းက မိုင်းရှင်းဖို့လာတဲ့ စစ်ကောင်စီတပ်ကို မိုင်းဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ ကလေး PDF (People's Defence Force - Kalay) က ပြောပါတယ်။

မနက် ၁၀ နာရီလောက်က နည်းပညာတက္ကသိုလ် (ကလေး) နားမှာ မိုင်းရှင်းဖို့ရောက်လာတဲ့ စစ်ကောင်စီတပ်ကို အသင့်ပြင်ထားတဲ့မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ရာမှာ အရာရှိအဆင့် အပါအဝင် ၃ ယောက် သေဆုံးခဲ့တယ်လို့ ကလေး PDF မှ တာဝန်ရှိသူတဦးက ပြောဆိုပေမဲ့ ဒီဗွီဘီအနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

“မိုင်းထောင်ထားတယ်ဆိုတာ သတင်းအနံ့ရလို့ လာရှင်းတာ။ ၇ ယောက်လာတယ်။ မိုင်းမဖြုတ်ခင် ဖောက်ခွဲလိုက်တယ်။ ၃ ယောက်တော့ တစစီပဲ။ ပွဲချင်းပြီးသေတယ်။ သေတဲ့အထဲမှာ ဗိုလ်အဆင့် ၁ ယောက်လည်း ပါတယ်။”

မိုင်းပေါက်ကွဲပြီးနောက် ကျန်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အနီးဝန်းကျင်ကို ၁၀ မိနစ်လောက် ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မနေ့ မနက် ၁၁ နာရီခွဲလောက်ကလည်း ကလေးမြို့မြောက်ဘက် မြို့အပြင် ဖောင်ကူးတံတားဘက် မောင်းနှင်လာတဲ့ စစ်ကား ၂ စင်းကို မိုင်း ၃ လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်ကား ၁ စင်း လမ်းဘေးထိုးရပ်သွားခဲ့ပြီး ကားပေါ်လိုက်ပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှု ရှိနိုင်ပေမဲ့ အတည်မပြုနိုင်ဘူးလို့ ကလေး PDF က ဆိုပါတယ်။

အောက်တိုဘာ ၃၀ ရက် မနက်ကလည်း ကလေးမြို့ ကြို့သုံးပင်ရပ်ကွက်၊ ဆင်ရွာလမ်းခွဲအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ စစ်ကား ၃ စင်းကို ကလေး PDF ရဲ့ မြို့ပြပြောက်ကျားစစ်ဆင်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်က ရွာသာယာရွာသားတွေကို စစ်ကောင်စီစစ်ကြောင်း လာမယ့်သတင်း လိုက်လံအသိပေးတဲ့ အသက် ၁၇ နှစ်အရွယ် ရွာခံလူငယ်ကို စစ်ကောင်စီတပ်က အောက်တိုဘာ ၃၀ ရက် မနက်ပိုင်းမှာ ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ တော်လှန်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

သေဆုံးသူ ရဲဘော် အောင်မျိုးမင်းရဲ့ ဖုန်းထဲမှာ ရပ်ရွာအခြေပြု သင်တန်းဆင်းထားတဲ့ ပုံတွေကို တွေ့လို့ ဖမ်းဆီးခံခဲ့ရတာလို့လည်း သူကဆိုပါတယ်။

“ရွာထဲကို စစ်ကြောင်းလာမယ့်အကြောင်း သတိပေးချိန် ဗန်းမောက်ကလာတဲ့ စစ်ကြောင်းနဲ့ ထိပ်တိုက်တွေ့ပြီး အဖမ်းခံရတယ်။ ည ၁၂ နာရီလောက်မှာ ရွာရဲ့ ကားလမ်းဘေးမှာ သတ်ပြီး ထားခဲ့တာ၊ မနက် စစ်ကြောင်းပြန်မှ သွားကြည့်တော့ အလောင်းပဲတွေ့ရတယ်။”

စစ်ကောင်စီစစ်ကြောင်းဟာ အောက်တိုဘာ ၃၁ ရက် မနက် ၇ နာရီကျော်လောက်မှာ ပြန်ထွက်သွားပြီး ရွာသာယာရွာက နောက်ထပ် လူငယ် ၁ ယောက်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013