
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှာ စစ်ကောင်စီတပ်က အောက်တိုဘာ ၃၁ ရက် ညမှာ လက်နက်ကြီးနဲ့ပစ်လို့ ၆ တန်းကျောင်းသူ အပါအဝင် မိသားစုဝင် ၃ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်တော်အခြေစိုက် စခက ၉ က မနေ့ည ၁၁ နာရီကျော်လောက်မှာ လက်နက်ကြီးတွေနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်လို့ ပီစိကျေးရွာက နေအိမ်တွေကို ကျရောက်ပေါက်ကွဲကာ မိသားစုဝင် ၃ ယောက်နဲ့ နွား ၂ ကောင် သေဆုံးခဲ့တယ်လို့ ပီစိကျေးရွာ ဒေသခံတယောက်က ပြောပါတယ်။
လက်နက်ကြီးကျည် ထိမှန်ခဲ့လို့ အသက် ၁၃ နှစ်အရွယ် ၆ တန်းကျောင်းသူ မဖြိုးဖြိုးဝေနဲ့ မိဘတွေဖြစ်တဲ့ အသက် ၄၅ နှစ်အရွယ် ဦးစိုးဝင်းနဲ့ အသက် ၄၄ နှစ်အရွယ် ဒေါ်သန်းသန်းဝေတို့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့တာလို့ သိရပါတယ်။
စခက ၉ အပါအဝင် တပ်ရင်းတွေက တိုက်ပွဲဖြစ်တာမရှိဘဲ ရွာတွေကို ရည်ရွယ်ချက်ရှိရှိ နေ့စဥ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေသလို ဒရုန်းတွေနဲ့လည်း ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ သြဂုတ်လအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် ဒေသခံ ၉ ယောက် သေဆုံးကာ အယောက် ၂၀ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသတွင်း သတင်းတွေက ဆိုပါတယ်။