
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ဥဇ္ဇနာရပ်ကွက်နဲ့ အိန္ဒြာရပ်ကွက်အကြား လောင်းကစား အကြီးအကျယ်လုပ်တဲ့ အိမ်တအိမ်မှာ အောက်တိုဘာ ၃၁ ရက် ည ၇ နာရီလောက်က ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားတဲ့ နေအိမ်အနီးနေသူတဦးက “သူတို့က ဖဲဝိုင်းကို အကြီးအကျယ် လုပ်နေတာ။ ဗုံးပေါက်တာ မီးပွင့်တောင်မြင်ရတယ်။ ဒလန်အိမ်မို့လို့ မဟုတ်ဘူး။ ဖဲဝိုင်းထောင်ထားတာ”လို့ ပြောပါတယ်။
အခုလို ဖောက်ခွဲတိုက်ခိုက်မှုမလုပ်ခင် အရင်ရက်တွေက အသိပေးတာတွေ အကြိမ်ကြိမ် လုပ်ခဲ့တယ်လို့ သိရပြီး ဆက်လက် ဖဲဝိုင်းထောင်တဲ့အတွက် ဗုံးပစ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ အနီးဝန်းကျင်နေ ပြည်သူတွေက ဆိုပါတယ်။
သတိပေးတာနဲ့ ဖောက်ခွဲတာကို ဘယ်အဖွဲ့အစည်းက လုပ်တယ်လို့ မသိရသေးသလို ထုတ်ဖော်ကြေညာတာလည်း မရှိသေးပါဘူး။
ဗုံးပေါက်ကွဲခဲ့တဲ့နေရာမှာတော့ လူထိခိုက်တာ မရှိပေမဲ့ နေအိမ်ကတော့ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။