
ရန်ကုန်မြို့အခြေစိုက် မြို့ပြပြောက်ကျားတပ်ဖွဲ့ဖြစ်တဲ့ Inya Urban Force - IUF က ရဲဘော်တချို့ ဖမ်းဆီးခံလိုက်ရပြီးနောက် ကျန်တပ်ဖွဲ့ဝင်တွေ လွတ်မြောက်နယ်မြေကို ပြောင်းရွှေ့နိုင်ခဲ့ပြီး တော်လှန်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ Inya Urban Force - IUF က အောက်တိုဘာ ၃၁ ရက်မှာ ထုတ်ပြန်ပါတယ်။
ဖမ်းဆီးခံရဲဘော်တွေရဲ့ ဆက်စပ်နေတဲ့ ကွင်းဆက်တွေကို အချိန်မီ ပြောင်းရွှေ့နိုင်ခဲ့ပြီး လွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီဖြစ်သလို ကျန်ရဲဘော်တွေနဲ့ ရန်ကုန်မြို့ လွတ်မြောက်ပြီး စစ်အာဏာရှင်စနစ် ကျရှုံးတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
အငြိမ်းစားဗိုလ်ချုပ်အုန်းသွင်နဲ့ သားမက်ဖြစ်သူ အပါအဝင် လူ ၈ ယောက်ကို သတ်ဖြတ်ခဲ့တဲ့ Inya Urban Force -IUF မှ တပ်ဖွဲ့ဝင် အမျိုးသား ၄ ယောက်နဲ့ အမျိုးသမီး ၆ ယောက်ကို အောက်တိုဘာလ ပထမပတ်မှာ ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီက အောက်တိုဘာ ၃၀ ရက်မှာ ကြေညာထားပါတယ်။
IUF မြို့ပြပြောက်ကျားတပ်ဖွဲ့ဟာ မြေပြင်သတင်းထောက်လှမ်းတာ၊ စစ်ကောင်စီဒေါက်တိုင်နဲ့ ခေါင်းဆောင်တွေကို ရှင်းလင်းတာနဲ့ တခြားပြောက်ကျားတပ်ဖွဲ့တွေနဲ့ လက်တွဲ လုပ်ဆောင်နေတယ်လို့ အဲဒီအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။