
မွန်ပြည်နယ်၊ ရေးမြို့နယ်ထဲမှာ စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ဖွင့်လှစ်တဲ့ စာသင်ကျောင်းတွေမှာ ကျောင်းတက်သူ မရှိသလောက် နည်းပါးနေသလို တချို့စာသင်ကျောင်းဆို ယာယီ ကျောင်းပိတ်ထားရတယ်လို့ ပြောပါတယ်။
ပညာသင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမတွေကို အာဏာဖီဆန် CDM လုပ်ဖို့နဲ့ သင်ကြားရေးလုပ်ငန်းခွင်က ထွက်ဖို့ ခြိမ်းခြောက်အသိပေးစာတွေ ကပ်လာတာကြောင့် စာသင်ကျောင်းတချို့ ဖွင့်လှစ်ထားပေမဲ့ ဆရာ၊ ဆရာမတွေ အပါအဝင် ကျောင်းသား၊ ကျောင်းသူတွေပါ ကျောင်းမတက်ရဲကြဘဲ ပညာသင်ခွင့် ဆုံးရှုံးနေတယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။
ရေးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား ထိတွေ့ ပစ်ခတ်မှုတွေ ဆက်လက်ဖြစ်ပွားနေသလို မကြာခဏဆိုသလို စစ်ကောင်စီဌာနဆိုင်ရာရုံးတွေကို တိုက်ခိုက်ပြီး တော်လှန်ရေးစစ်အရှိန် ဆက်လက် မြှင့်တင်သွားမယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
အခုလိုအခြေအနေတွေကြောင့် နယ်ကျေးရွာတွေဘက်က စာသင်ကျောင်းတွေမှာ ကျောင်းတက်သူ မရှိသလောက် နည်းပါးပြီး မြို့ပေါ်ရပ်ကွက်က စာသင်ကျောင်းတွေမှာတော့ ကျောင်းတက်သူ အနည်းငယ်သာ ရှိနေခဲ့တာပါ။
စစ်ကောင်စီလက်အောက်ခံ သက်ဆိုင်ရာ ပညာရေးမှူးကို မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။
ရေးမြို့နယ်ထဲမှာ စာသင်ကျောင်းပေါင်း ၃၀၀ နီးပါးလောက်ရှိပြီး ကျောင်းသား ကျောင်းသူ အနည်းဆုံး ၃၀,၀၀၀ ဝန်းကျင်လောက် တက်ရောက်ပညာသင်ကြားနေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံတဝန်းမှာ စစ်ကောင်စီက ကျောင်းတွေပြန်ဖွင့်ပေမဲ့ သန်းနဲ့ချီတဲ့ ကျောင်းသူ ကျောင်းသားတွေကတော့ စစ်ကျွန်ပညာရေးကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ကျောင်းမတက် ကြတာလည်း ရှိပါတယ်။