DVB Logo
Home
မြန်မာသတင်း
ဘူးသီးတောင်မြို့နယ်ရှိ အေအေအခြေစိုက်စခန်းကုန်းကို စစ်တပ်က လေကြောင်းမှတိုက်ခိုက်
DVB
·
November 1, 2022
ဘူးသီးတောင်မြို့နယ်ရှိ  အေအေအခြေစိုက်စခန်းကုန်းကို စစ်တပ်က လေကြောင်းမှတိုက်ခိုက်
Donate to DVB

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်ရွာအနောက်ဘက်မှာ အင်အား ၂၀၀ လောက်ရှိတဲ့ ရက္ခိုင့်တပ်တော် (အေအေ) အခြေစိုက် စခန်းကုန်းကို အောက်တိုဘာ ၃၁ ရက် မွန်းလွဲပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ မျက်မြင် ဒေသခံတွေက ပြောပါတယ်။

စိမ်ညှင်းပြားရွာခံတဦးက “မေယုတောင်တန်းရဲ့ အရှေ့ဘက်မှာ မနေ့ နေ့လယ်ပိုင်းက စစ်တပ်နဲ့ အေအေနဲ့ တိုက်ပွဲဖြစ်ကြတာ။ လေယာဉ်နဲ့လာပစ်တယ်။ တော်တော်လေး ပြင်းပြင်းထန်ထန် ဖြစ်ကြတာ။ ဒဏ်ရာရတဲ့ စစ်သား ၆ ယောက်လောက်ကို ထမ်းပြီး ဂူတာပြင်နဲ့ စိမ်ညှင်းပြားကြားမှာ အခြေချထားတဲ့ စစ်တပ်ကို ယူလာကြတာ တွေ့ရတယ်။ အေအေဘက်ကလည်း ၁၀ ယောက်ကျော်လောက်ကျတယ်” လို့ ပြောပါတယ်။

စက်တင်ဘာလကတည်းက ဂူတာပြင်ကျေးရွာမှာ စစ်တပ်က အင်အား ၄၀၀ လောက် အထိုင်ချထားတာကို အေအေက အင်အား ၇၀၀ လောက်နဲ့ ဝိုင်းပတ်ပိတ်ဆို့ထားတာကြောင့် တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။  

အမည်မဖော်လိုတဲ့ ဂူတာပြင်ရွာသားတဦးက “ရွာမှာ စစ်တပ်က အခြေချထားတာ အင်အား ၄၀၀ ကျော်ရှိတယ်။ သူတို့က  ထွက်မရတော့ဘူး။ သူတို့ကို အေအေဘက်က အင်အား ၇၀၀ ကျော်လောက်က ဝိုင်းထားတာ။ အဲဒါကြောင့် စစ်တပ်က ဂူတာပြင်ရွာနေအိမ်တွေက ဆန်တွေ၊ ကြက်တွေ၊ နွား၊ ဆိတ် အားလုံးကို ရိက္ခာအဖြစ် အသုံးပြုနေကြတာ။ အပြင်ကို ထွက်မရတော့ဘူး” လို့ ပြောပါတယ်။  

စစ်ရေးလေ့လာသူ ဘူးသီးတောင်ဒေသခံ မွတ်စလင်တဦးက “လက်ရှိ မြေပြင်အနေအထားက စစ်ကောင်စီတပ်တွေ လှုပ်ရှားတာကို အေအေဘက်က မျက်ခြည်မပြတ် စောင့်ကြည့်နေသလို အေအေလှုပ်ရှားမှုကိုလည်း စစ်ကောင်စီက စောင့်ကြည့်နေတယ်။ အဲဒီလိုစောင့်ကြည့်ဖို့ နှစ်ဖက်စလုံးက ဒေသခံ မွတ်စလင်တွေကို အသုံးချနေကြတယ်။ စစ်ကောင်စီမွေးစားတဲ့ ဒေသခံနဲ့ အေအေမွေးစားတဲ့ ဒေသခံတွေ ရှိနေတယ်။ အဲဒီလို သတင်းပေးတွေကိုလည်း တဖက်နဲ့တဖက် အပြန်အလှန် ဖမ်းဆီးနေကြတာ။ အခုက” လို့ ပြောပါတယ်။

ဘူးသီးတောင်-အငူမော်လမ်းတလျှောက် စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ တိုက်ပွဲတွေ ပြန်ဖြစ်နေတာ​ကြောင့် ကျေးရွာ ၁၀ ရွာက ဒေသခံတွေ နေရပ်စွန့်ခွာခဲ့ကြရပြီး စာသင်ကျောင်းတွေလည်း ပိတ်ထားရဆဲလို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013