Home
မြန်မာသတင်း
တောင်တွင်းကြီး အန်အယ်လ်ဒီ လွှတ်တော်အမတ် ထောင်ဒဏ် ၁၇၃ နှစ် ချမှတ်ခံရ
DVB
·
November 1, 2022

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်ရဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်  ဦးဝင်းမြင့်လှိုင် ကို စစ်ကောင်စီက ထောင်ဒဏ် စုစုပေါင်း ၁၇၃ နှစ် ချမှတ်လိုက်ပါတယ်။

အန်အယ်လ်ဒီအမတ် ဦးဝင်းမြင့်လှိုင်ကို  အောက်တိုဘာ ၃၁ ရက်မှာ မကွေးခရိုင်တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၈ ခုနဲ့ တရက်တည်းမှာပဲ  ထောင်ဒဏ် ၁၄၈ နှစ်ချမှတ်လိုက်ကာ အရင်ချထားတဲ့ ၂၅ နှစ်နဲ့ ပေါင်းရင်  စုစုပေါင်း ထောင်ဒဏ် ၁၇၃ နှစ်အထိ ချလိုက်တာဖြစ်ပါတယ်။

ဦးဝင်းမြင့်လှိုင်ကို တရားသူကြီး ဒေါ်ဝင်းဝင်းခိုင်  (ဒုခရိုင်(၂) တရားသူကြီးရုံး)က အကြမ်းဖက်မှု ဥပဒေ ပုဒ်မ ၅၁ (ဂ) ၃ မှုအတွက် တမှုကို  ၆ နှစ်စီ စုစုပေါင်း ၁၈ နှစ်၊ ပုဒ်မ  ၅၄ အမှု ၃ မှုအတွက်တမှုကို  အနှစ် ၂၀ စီ  ၃ မှု အတွက် နှစ် ၆၀  စုစုပေါင်း ၇၈ နှစ် အမိန့်ချပါတယ်။

ဒါ့အပြင် တရားသူကြီး ဒေါ်သီတာ(ဒုခရိုင်(၁)တရားသူကြီးရုံး) ကလည်း ဦးဝင်းမြင့်လှိုင်ကို အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၁ (ဂ) ၅ မှုအတွက် တမှုကို ၆ နှစ်စီ စုစုပေါင်း နှစ် ၃၀  ၊ ပုဒ်မ ၅၀(က)အတွက်   ၁၅ နှစ်၊ ပုဒ်မ ၅၂ အတွက် ၅ နှစ်၊ ပုဒ်မ ၅၄ အတွက် အနှစ်  ၂၀  စုစုပေါင်း နှစ် ၇၀ ချမှတ်လိုက်ပြီး ခရိုင်းတရားရုံးတခုတည်းကနေ  စုစုပေါင်း ထောင်ဒဏ် ၁၄၈ နှစ်ချလိုက်တာပါ။

ဦးဝင်းမြင့်လှိုင်ကို အရင်ကလည်း ထောင်တွင်းအထူး တရားရုံးကနေ ပုဒ်မ ၅၀၅(က)အပါ အမှု ၅ မှု အတွက် စုစုပေါင်း  ၂၅ နှစ်ချမှတ်ခဲ့ပြီဖြစ်လို့ အခု ၁၄၈ နှစ်နဲ့ ပေါင်းရင်  စုစုပေါင်း ထောင်ဒဏ်ဟာ ၁၇၃ နှစ်အထိရှိလာတာပါ။

လတ်တလောဒေါင်းနေထောင်ထဲမှာ အခုအမိန့်ချခံရတဲ့ လွှတ်တော်အမတ် ဦးဝင်းမြင့်လှိုင် အပါအဝင် ထောင်ဒဏ် အနှစ် ၂၀ အထက်ကျခံနေရတဲ့ နှစ်ရှည်အကျဉ်းသားတွေကို   သံခြေချင်း ခတ်ထားတဲ့အတွက် အကျဉ်းသားတွေ နေရထိုင်ရတာခက်ခဲပြီး၊ အကျဉ်းသားအခွင့်အရေး ချိုးဖောက်ခံနေရတယ်လို့ ဒေါင်းနေထောင်က လွတ်လာသူတယောက်က ပြောပါတယ်။

ဦးဝင်းမြင့်လှိုင်ရဲ့ လုပ်ဖော်ကိုင်ဖက် လွှတ်တော်ကိုယ်စားလှယ်တယောက်က “အဲ့ဒီထောင်ထဲမှာ သူတင်မကပါဘူး သူနဲ့အမှုတွဲဖြစ်တဲ့ ကိုအောင်ခန့်ဦးဆို နှစ် ၁၈၀ တောင် ချထားတာ။ သူဘယ်လောက်ချချ မတရားတာက အခုမှမဟုတ်ဘူးလေ။ အာဏာစသိမ်းကတည်းက မတရားတာလေ။ အခုလည်း တပေါင်းတည်းပေးလို့ရတဲ့အမှုတွေကိုပါ တပေါင်းတည်းမပေးဘဲ တမင် လူတွေကိုကြောက်အောင် စံနမူနာအနေနဲ့ ခြောက်နေတာ။ ဘာမှတော့မှုစရာမရှိဘူး။ သူတို့ ချချင်သလို ချနေတာ။ တရားဥပဒေအရရယ်လို့ ဘာတို့ မရှိတော့ဘူ။ အငြိုးအတေးတွေနဲ့ လုပ်နေတာ၊ အရှင်းကြီးပဲလေ၊ သူ ထောင်ထဲရောက်ပြီးမှ ဖြစ်ပျက်တဲ့ ကိစ္စတွေကိုပါ အမှုတွဲထားတာကို ကြည့်ရင်သိသာပါတယ်”လို့ ပြောပါတယ်။

အကျဉ်းထောင်ထဲမှာ ချိနေတဲ့ အကျဉ်းသား  ငါးယောက် ခြောက်ယောက်လောက်လည်းရှိနေပြီး ကျန်းမာရေး မကောင်းတဲ့သူတွေလည်း များနေတယ်လို့ ထောင်၀န်ထမ်းတယောက်ထံက သိရပါတယ်။

ဦးဝင်းမြင့်လှိုင်ဟာ စစ်တပ်အာဏာသိမ်းပြီးကတည်းက  တိမ်းရှောင်နေရင်း ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၈ ရက်က ရှမ်းပြည်နယ်၊ ရပ်စောက်မြို့မှာ အဖမ်းခံလိုက်ရတာဖြစ်ပါတယ်။ 

အဲဒီမှာ  နှစ်ပတ်ကြာ စစ်ကြောရေးလုပ်ခံရပြီး မကွေးကို ပို့ဆောင်ခဲ့ကာ မကွေးခရိုင်မှာ ဆက်စစ်ပြီး၊ အမှုပေါင်း ၁၃ မှုနဲ့ တရားစွဲဆိုခံခဲ့ရတာပါ။

ဦးဝင်းမြင့်လှိုင် ဖမ်းဆီးခံရပြီး နောက်တနေ့မှာပဲ  တောင်တွင်းကြီးမြို့ရှိ သူ့ရဲ့နေအိမ်ကိုလည်း စစ်ကောင်စီက ချိပ်ပိတ်သွားခဲ့ပြီး သူ့ရဲ့ ဆိုင်ကယ်နဲ့ ကားတွေကိုလည်း သိမ်းဆည်းသွားခဲ့အတွက် မိသားစုဝင်တွေလည်း ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024