DVB Logo
Home
မြန်မာသတင်း
ABSDF မျိုးဆက်သစ်ရဲဘော်များ တိုက်ပွဲဝင်နေကြပြီဟု ကြေညာ
DVB
·
November 1, 2022
ABSDF  မျိုးဆက်သစ်ရဲဘော်များ တိုက်ပွဲဝင်နေကြပြီဟု ကြေညာ
1 / 2
Donate to DVB

ABSDF ကျောင်းသားတပ်မတော်အနေနဲ့  တပ်ဖွဲ့ဝင်မျိုးဆက်သစ် ရဲဘော်တွေကို လေ့ကျင့်၊ စုဖွဲ့မှုတွေ ပြုလုပ်နိုင်ပြီး ညီနောင်မဟာမိတ်တပ်တွေ အသီးသီးနဲ့အတူ လက်တွဲ တိုက်ပွဲဝင်နေကြပြီလို့ ကြေညာပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဖွဲ့စည်း တည်ထောင်ခြင်း ၃၄ နှစ်မြောက်အထိမ်းအမှတ်အဖြစ် နိုဝင်ဘာ ၁ ရက်နေ့က ထုတ်ပြန် ကြေညာလိုက်တာ ဖြစ်ပါတယ်။

ဆယ်စုနှစ်သုံးစုကျော်ကြာ စစ်အာဏာရှင် တော်လှန်ရေးခရီးစဉ်အတွင်းမှာ ယနေ့တိုက်ပွဲဝင်နေကြတဲ့ နွေဦးတော်လှန်ရေး အပါအဝင် ABSDF  ကျောင်းသားတပ်မတော်မှ ရဲဘော်စုစုပေါင်း  ၇၆၄ ဦးကျဆုံးပြီး ၄၀၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုရဲ့ အကျိုးဆက်အဖြစ် လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး မဏ္ဍိုင်ကြီး ၃ ရပ်လုံး အလုံးစုံပျက်စီးနေပြီး  စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ လုံခြုံရေး အခန်းကဏ္ဍ အားလုံးဟာလည်း အဖက်ဖက်က ယိုယွင်းပြိုကျနေတဲ့အခြေအနေအောက်မှာ တတိုင်းပြည်လုံး အထွေထွေအကျပ်အတည်းကို ရင်ဆိုင်ဖြတ်သန်းနေကြရတယ်လို့  ABSDF ကဆိုပါတယ်။

တပြိုင်နက်တည်းမှာဘဲ အဖိနှိပ်ခံ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထုကြီး တရပ်လုံး စစ်အာဏာရှင်စနစ်ရဲ့ အကြမ်းဖက် လုပ်ဆောင်နေမှုတွေကို ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဝင်နေရတဲ့ အခင်းအကျင်းလို့ မှတ်ယူနိုင်တယ်လို့ဆိုပါတယ်။

နွေဦးတော်လှန်ရေးနဲ့အတူ တိုင်းရင်းသားပြည်သူလူထုတရပ်လုံးရဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး တိုက်ပွဲဝင်မှုတွေ နိုင်ငံအနှံ့ ကျယ်ပြန့်လာသကဲ့သို့ ABSDF အနေနဲ့လည်း စစ်ရေး၊ နိုင်ငံရေး၊ စည်းရုံးရေး၊ သံတမန်ရေး လုပ်ငန်းစဉ်တွေ  အရှိန်မြှင့်ဆောင်ရွက်ခဲ့တယ်လို့လည်း ထုတ်ပြန်ကြေညာထားပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)ကို ၁၉၈၈ ခုနှစ် ဒီမိုကရေစီလူထုအရေးတော်ပုံကြီးအပြီး နယ်စပ်ဒေသကိုထွက်ပြေးလာခဲ့ကြတဲ့ ကျောင်းသား လူငယ်တွေက စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်ပွဲဝင်ဖို့ ဖွဲ့စည်းထူထောင်ခဲ့တာဖြစ်ပါတယ်။ 

ABSDF အဖွဲ့ဟာ   တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အန်စီအေမှာ ပါဝင် လက်မှတ်ရေးထိုးထားတဲ့ လက်နက်ကိုင် အဖွဲ့တဖွဲ့လည်းဖြစ်ပါတယ်။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013