
ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်တပ်ရင်း ၁ ရဲ့ တပ်ဖွဲ့ဝင်တချို့ စခန်းချ လုံခြုံရေးယူထားတဲ့ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကျောင်းနိမ့်ကျေးရွာထဲကို စစ်ကောင်စီတပ် ညနေ ၃ နာရီလောက် ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို ပုလောမြို့အခြေစိုက် စစ်ကောင်စီတပ် ခြေလျင်တပ်ရင်း ခလရ ၂၈၅ ကနေ ပြုလုပ်ခဲ့တာဖြစ်ပြီး ဗုံးသီး ၆ လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီ ခလရ ၂၈၅ ဟာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေ ထိတွေ့တိုက်ပွဲဖြစ်တဲ့ အချိန်တွေမှာလည်း လက်နက်ကြီး ပစ်ကူပေးလေ့ရှိပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်တပ်ရင်း ၁ ရဲ့ ပြန်ကြားရေးတာဝန်ခံကတော့ အဲဒီတိုက်ခိုက်မှုကြောင့် နေအိမ်တလုံး အနည်းငယ်ထိခိုက်ခဲ့ပေမယ့် တပ်ဖွဲ့ဝင်တွေရော၊ ပြည်သူတွေပါ တစုံတရာ ထိခိုက်တာ မရှိခဲ့ဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်နဲ့ ၂၀ ရက်တွေမှာလည်း KNU တပ်မဟာ ၄ ထိန်းချုပ်နယ်မြေထဲမှာရှိတဲ့ ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပုလော) စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တာကြောင့် တပ်ဖွဲ့ဝင်တဦး အနည်းငယ် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။