မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ရွှေပြည်ရွာအနီးမှာ အောက်တိုဘာ ၂၉ ရက်နဲ့ ၃၀ ရက် နှစ်ရက် ဆက်တိုက် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။
အောက်တိုဘာ ၂၉ ရက် ည ၆ နာရီခွဲအချိန်ခန့်က မတ္တရာဘက်ကနေ စဉ့်ကူးဘက်သို့ ဖောကားနှစ်စီးနှင့် ဖိုးဝှီး(လ်)ကားနှစ်စီး မောင်းနှင်လာခဲ့ရာ ရွှေပြည်ရွာအနီး ပတ်လည်အင်းရွာနှင့် ဘိုးတော်တောင်ရွာကြားမှာ ပထမဦးဆုံး ဖောကားတစ်စီးကို စဉ့်ကူး (ပ.က.ဖ) အဖွဲ့က ပဒေသာမိုင်း လေးလုံးတွဲနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
မိုင်းထိသွားတဲ့ ဖောကားမှာ နေရာတွင်ပင် ပျက်ကျန်ခဲ့ပြီး ကျန်ကားများမှာ နောက်ကြောင်းပြန် လှည့်သွားခဲ့ကြကာ မှောင်စပြုချိန်ဖြစ်တာကြောင့် အထိအခိုက်သေဆုံး မသိရဘူးလို့ စဉ့်ကူး မြေပြင်ပြောက်ကျားတပ်ပေါင်းစု က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အောက်တိုဘာ ၃၀ ရက် နေ့လယ် ၁၂ နာရီက မတ္တရာဘက်က စစ်ကောင်စီကားကြီး ၆ စီး မောင်းနှင်လာခဲ့ရာ တရော်ပင်ရွာနှင့် ရွှေပြည်ရွာကြားမှာ ဒုတိယကားကို ပဒေသာမိုင်းရှစ်လုံးတွဲနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သားများက ပတ်ဝန်းကျင်ကို ရမ်းသန်းပစ်ခတ်တာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အပြစ်မဲ့ပြည်သူ ၈ ဦးကိုလည်း ဖမ်းဆီးရိုက်နှက်ကာ မတ္တရာရဲစခန်းကို ခေါ်ဆောင်သွားပြီး ကျန်ကားတွေက လက်ပန်လှဘက်ကို ဆက်လက်ထွက်ခွာသွားတယ်လို့ ထုတ်ပြန်ထားပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် နေရာတင် စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရကာ မတ္တရာဆေးရုံကို ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
အောက်တိုဘာ ၂၉ ရက်နဲ့ ၃၀ ရက် နှစ်ရက်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်မှုမှာ စဉ့်ကူး (ပ.က.ဖ) က အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ စဉ့်ကူးမြေပြင်ပြောက်ကျားတပ်ပေါင်းစုက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။