
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှာ အောက်တိုဘာ ၂၉ ရက်ညက စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ထိမှန်ပြီး ၉ တန်းကျောင်းသူ တယောက် ဒဏ်ရာရရှိကာ နေအိမ် ၂ လုံးပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်တော်မြို့ ကန်စောက်အခြေစိုက် ခမရ ၅၃၉ တပ်ရင်းက မနေ့ည ၈ နာရီလောက်မှာ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ ဆင်မကျော်ရွာက နေအိမ် ၂ လုံးပေါ်ကို ကျကာ စာကျက်နေတဲ့ အသက် ၁၅ နှစ်အရွယ် မဆန်းဆန်းဝင်းရဲ့ လက် ၂ ဖက်ကို လက်နက်ကြီး ကျည်စ ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဆင်မကျော်ကျေးရွာ ဒေသခံတယောက်က ပြောပါတယ်။
မဆန်းဆန်းဝင်းကိုတော့ ကန်စောက်တိုက်နယ်ဆေးရုံးသို့ ပို့ဆောင်ပေးပြီး ဆေးဝါးကုသမှု ခံယူနေပြီး ဒဏ်ရာအခြေနေကတော့ မစိုးရိမ်ရဘူးလို့ သိရပါတယ်။
စစ်တပ်က ပစ်တဲ့ လက်နက်ကြီးကျည်ဟာ ဦးလှမောင်နဲ့ ဦးအောင်အောင်ဌေးတို့ရဲ့ နေအိမ်တွေကို ကျရောက်ပေါက်ကွဲခဲ့လို့ နေအိမ် ခေါင်မိုးတွေ အခန်းတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ကျောက်တော် အခြေစိုက် စခက(၉) အပါဝင် စစ်ကောင်စီရဲ့တပ်ရင်းတွေက လက်နက်ကြီးတွေနဲ့ ရည်ရွယ်ချက် ရှိရှိ နေ့စဥ်ရက်ဆက် ပစ်ခတ်နေတာကြောင့် ဒေသခံတွေရဲ့ နေအိမ်တွေ ပျက်စီးခဲ့ရသလို သေဆုံးဒဏ်ရာ ရသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။