ပြည်တွင်းအကယ်ဒမီ(မီးလင်း)အခေါက်ရွှေဈေးနှုန်းအပေါ် စစ်ကောင်စီက ဖိအားပေး ဝင်ရောက် စွက်ဖက်လာနေတဲ့အတွက် ရွှေဈေးကွက်ဟာ ပွင့်လင်းမြင်သာမှုမရှိတော့ဘူးလို့ ရွှေဝယ်ရောင်းလုပ်ကိုင်သူတွေက သုံးသပ်ပြောပါတယ်။
ရန်ကုန်တိုင်းအတွင်းရှိ ရွှေဆိုင်တွေအားလုံး အခေါက်ရွှေ တကျပ်သားကို ၂၅ သိန်း ၃ သောင်း နှုန်းနဲ့ ရောင်းချပေးဖို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက အောက်တိုဘာ ၃၀ ရက် ညနေပိုင်းက ထုတ်ပြန်ကြေညာခဲ့တာပါ။
ဒီထုတ်ပြန်ချက်ဟာ ဈေးကွက်မှာ အရောင်းအဝယ် ရှိနေတဲ့ ဈေးနှုန်းနဲ့ယှဉ်ရင် တကျပ်သားကို ကျပ် ၁ သိန်းကျော် ဈေးကွာပြီး နိမ့်နေတဲ့အတွက် စစ်ကောင်စီက ပြည်တွင်းရွှေဈေးကွက်အပေါ်မှာ ဖိအားပေး ဝင်ရောက် စွက်ဖက်မှုတွေ ပြုလုပ်လာတာ ဖြစ်တယ်လို့ ရွှေဝယ်ရောင်းလုပ်ကိုင်သူတွေက ဆိုပါတယ်။
“ပြည်တွင်း အခေါက်ရွှေဈေးကို တကျပ်သား ၂၅ သိန်း ၃ သောင်း အဲ့ဈေးဖြစ်အောင် လုပ်ပေးပါ။ ပိုမရောင်းပါနဲ့ ဆိုပြီး သူတို့က ဖိအားပေးတဲ့ ပုံစံလိုလို မေတ္တာရပ်ခံ တောင်းဆိုတဲ့ ပုံစံလိုလိုနဲ့ အဲ့ဒီ့လိုလာပြောတဲ့အတွက် ရန်ကုန်တိုင်းရွှေအသင်းက ကြားခံပြီး ရွှေဈေးနှုန်းကို အခုလို ထုတ်ပြန်ပေးခဲ့တာပါ။ ဒါပေမဲ့ အမှန်တကယ် အရောင်းအဝယ်ရှိနေတဲ့ ဈေးနှုန်းက ဒီဈေး မဟုတ်ဘူးလေ။ ဆိုတော့ အရောင်းအဝယ်က ဘယ်သူမျှ မလုပ်ကြတော့ဘူး။ စောင့်ကြည့်နေကြတဲ့ အဆင့်ပဲ ရှိတော့တယ်။ တကယ်တမ်း အရောင်းအဝယ် ဖြစ်မယ်ဆိုရင် ၂၆ သိန်းခွဲ ဒါမှမဟုတ် ၂၆ သိန်း ၆ သောင်း နီးပါး ရှိတာ။ တကယ်လို့ အရောင်းအဝယ် ရှိမယ်ဆိုရင်လဲ တိုးတိုးတိတ်တိတ်နဲ့ပဲ ဖြစ်တော့မှာ။ ဘယ်ဈေးနဲ့ ဘယ်လောက် ဖြစ်တယ်ဆိုတာ ဘယ်သူမျှ သိနိုင်မှာ မဟုတ်တော့ဘူး။ ဒီတော့ ဈေးကွက်ကလဲ ပွင့်လင်းမြင်သာမှု မရှိတော့ဘူးပေါ့” လို့ ဒီဗွီဘီ ကိုပြောပါတယ်။
ပြည်တွင်းရွှေဈေးကွက်မှာ ပြီးခဲ့တဲ့ ဆယ်စုနှစ် ၂ ခုကျော်လောက်က စစ်တပ်ရဲ့ ဖိအားပေးချုပ်ကိုင်မှုကြောင့် ရွှေဈေးနှုန်းဟာ ကမောက်ကမ ဖြစ်ခဲ့ရပြီး အခုလို အလားသဏ္ဍာန်တူ ဖြစ်ရပ်မျိုး ရှိခဲ့ပါတယ်။
ရွှေလုပ်ငန်းရှင်တဦးက “ဆိုးကျိုးက အကြောင်းမသိလို့ လာရောင်းတဲ့ သူအတွက်က အောက်ဈေးပဲ ရတော့မှာပေါ့။ ဒါမှမဟုတ် ကိုယ်အချင်းချင်း ရောင်းဝယ်မယ်ဆိုရင် လာဘ်သိပ်ထိုး အရောင်းအဝယ်ပဲ ရှိတော့မယ်။ ဒီဈေးနှုန်းနဲ့ လာဝယ်မယ်ဆိုရင် ငါ့မှာ ရောင်းစရာ မရှိဘူးဆိုပြီး “ဘူး” တလုံးပဲ ခံလိုက်မှာပေါ့။ ဒါမျိုးအဖြစ်အပျက်က ဟိုတချိန်တုန်းကလည်း ရှိခဲ့ဘူးတယ်နော်။ ယနေ့ ရွှေဈေ ၅ သောင်း ၄ ထောင် ဆိုပြီး မှန်ပုံးပေါ်မှာ ရေးသားခဲ့တာလေ။ ပြီးခဲ့တဲ့ ၂၀၀၀ ခုနှစ်ဝန်းကျင်လောက်ကပေါ့။ ဒါပေမဲ့ အပြင်မှာ အရောင်းအဝယ် ဖြစ်နေတာက ၇ သောင်း နဲ့ ၈ သောင်းကြားမှာ ရှိနေတယ်။ အဲ့တော့ ဘာတွေ ဖြစ်ကုန်လဲဆို မရှိလို့ ပြန်ရောင်းတဲ့အခါ အခြေခံလူတန်းစားတွေပဲ နစ်နာတာပေါ့။ ကျနော့် အမြင်ကတော့ ကုန်သည်ကို ကုန်သည်နည်းနဲ့ပဲ ကိုင်တွယ်လေ။ ကုန်ဈေးနှုန်းတခုက ဘယ်ဟာမဆို ဝယ်လိုအား ရောင်းလိုအား အပေါ်မှာသာ မူတည်တာ။ ရွှေဈေးကို ကျစေချင်ရင် ရွှေတွေကို ထုတ်ရောင်းပေါ့” လို့ ဒီဗွီဘီကို ပြောပါတယ်။
ရန်ကုန်တိုင်းရွှေအသင်းက ဒီကနေ့( အောက်တိုဘာ ၃၁ ရက်) ညနေခင်း ၂ နာရီခွဲ ထုတ်ပြန်ချက်အရ ပြည်တွင်းအကယ်ဒမီ (မီးလင်း)အခေါက်ရွှေ တကျပ်သားအတွက် ရည်ညွှန်းနှုန်းက ၁,၉၃၄,၀၀၀ ကျပ် သတ်မှတ်ထားပြီး ကမ္ဘာ့ရွှေဈေးက တအောင်စကို အမေရိကန်ဒေါ်လာ ၁၆၄၂ ဒေါ်လာ ရှိပါတယ်။ ဒီကနေ့ နိုင်ငံခြားငွေလဲနှုန်းက အပြင်မှာ အမေရိကန် တဒေါ်လာကို မြန်မာငွေ ၃၀၀၀ ကျပ်ဝန်းကျင် ရှိတာကြောင့် အဆိုပါနှုန်းနဲ့တွက်ချက်ပါက ပြည်တွင်းအကယ်ဒမီ အခေါက်ရွှေ ဈေးဟာ တကျပ်သားကို ၂၆ သိန်း ၃ သောင်းကျော် ရှိနေပါတယ်။ ဒါကြောင့် စစ်ကောင်စီက ဖိအားပေး သတ်မှတ်ထားတဲ့ ၂၅ သိန်း ၃ သောင်း ဈေးနဲ့ယှဉ်ရင် တကျပ်သားကို ကျပ် ၁ သိန်းစွန်းစွန်း ဈေးကွာဟ နေပါတယ်။