DVB Logo
Home
မြန်မာသတင်း
မိုးမောက်တွင် တိုက်ပွဲ ပြင်းထန်၊ လက်နက်ကြီး ကျသဖြင့် ရွာသားများ ဒဏ်ရာရ
DVB
·
October 31, 2022
မိုးမောက်တွင် တိုက်ပွဲ ပြင်းထန်၊ လက်နက်ကြီး ကျသဖြင့် ရွာသားများ ဒဏ်ရာရ
Donate to DVB

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ကေအိုင်အေ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်နေတာ ၁ ပတ်ကျော်ရှိလာပြီး လက်နက်ကြီး ကျည်တွေ ရွာထဲကျလာတာကြောင့် ရွာသားတွေ ထိခိုက် ဒဏ်ရာရသလို နေအိမ်တွေလည်း ပျက်စီးသွားတယ်လို့  စစ်ဘေးရှောင်ကူညီပေးသူတွေထံက သိရပါတယ်။ 

အောက်တိုဘာ ၂၉ ရက် ညက မိုးမောက်မြို့နယ် မန်ပုံအောက်ချိုင့်ကျေးရွာနဲ့ ခါနန်ရွာ အလင်းကောင်ရပ်ကွက်ထဲကို လက်နက်ကျည်ကျပြီး ဒေသခံ ၂ ယောက် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မိုးမောက်စစ်ဘေးရှောင်ကူညီသူက ပြောပါတယ်။ 

“အခု ၂၈ နဲ့ ၂၉ ရက်တွေမှာ  ပစ်ခတ်သံတွေ ကြားတာကတော့ တနေကုန်ပဲ။ မိုးမောက်မြို့ပေါ်က နေ ကြားနေရတယ်။ ၂၉ ရက် ညနေ ၃ နာရီခွဲလောက်က ခါနန်ရွာ  အလင်းကောင်ရပ်ကွက်နားမှာ လက်နက်ကြီးကျလို့ အမျိုးသမီး ၁ ဦး ထိမှန်တယ်။ လက်နက်ကြီးကျည်က သူတို့ အိမ်နားမှာ ၃ လုံး ကျတယ်။ နောက် ည ၈ နာရီခွဲကျတော့ မန်ပုံအောက်ချိုင့်ရွာက နေအိမ် ၂ လုံးကို ထိတယ်။ တအိမ်က ခေါင်မိုးကနေ ကျလာတော့ ညအိပ်ရာဝင်မလို့ လုပ်နေတဲ့ အသက် ၃၈ လောက်ရှိတဲ့ အမျိုးသမီး ၁ ဦးကို ထိသွားပြီး မိုးမောက်ဆေးရုံကနေ ဒဏ်ရာပြင်းလို့ ဗန်းမော်ဆေးရုံကို ပို့ လိုက်တယ်။”

အဲဒီနေ့က လက်နက်ကျည်တွေဟာ ရွာထဲမှာရော လမ်းပေါ်မှာပါ ကျခဲ့လို့ နောက် ထပ်ထိခိုက် သူတွေရှိနိုင်ကြောင်း၊၊ ဝဝမ် နဲ့ လုံဂျာ ရွာထဲမှာလည်း ခရစ်ယာန် ဘုရားရှိခိုး ကျောင်းအဆောက်အဦတွေထိတယ်လို့ ကြားပေမယ့် အသေးစိပ်ကိုတော့ မသိရဘူးလို့ ဆိုပါ တယ်။ 

ဒီမတိုင်ခင် အောက်တိုဘာ ၂၆ ရက် နေ့လယ် ၁ နာရီလောက်ကလည်း မိုးမောက်မြို့နယ် မန်ခွန်ရွာမှာ စိုက်ခင်းထဲလက်နက်ကြီးကျည်ကျလို့ ပဲစိုက်နေတဲ့ အသက် (၄၅) နှစ်အရွယ် ဒေါ် သန်းဌေး သေဆုံးခဲ့တယ်လို့ ရှမ်းလူငယ်အဖွဲ့က ပြောပါတယ်။

တိုက်ပွဲတွေဟာ မိုးမောက်မြို့နယ် လုံဂျာတောင်ဘက်မှာ ဖြစ်ပွားနေပြီး အရင်ပတ်က စစ် ကောင်စီဘက်က လေယာဉ်နဲ့လာတိုက်တာကြောင့် အနီးနားရှိ လုံဂျာ၊ နောင်ပေါင်း၊ ကျောက်စခန်းစတဲ့ရွာက ရွာသားပေါင်း ၁၀၀၀ ကျော် မိုးမောက်မြို့ပေါ် လောကမာရဇိန်ဘုရားဝင်း၊ ချမ်း​မြေ့​ရောင်ခြည်၊ နိသောကာ၊ မန္တ​လေး ​ကျောင်းတိုက်စတဲ့ ဘုန်း​တော်ကြီး​ကျောင်းတွေမှာရော ကချင်ခရစ်ယာန်ဘုရားကျောင်းတွေမှာ လာ​ရောက်ခိုလှုံ​နေကြရပါတယ်။ 

အောက်တိုဘာ ၂၉ ရက်က ရွာထဲလက်နက်ကျတာကြောင့် မန်ပုံအောက်ချိုင့်ရွာက ရွာသားတွေလည်း စစ်ဘေးရှောင်လိုကြောင်း အကြောင်းကြားလာလို့ မနေ့က နောက်ထပ် ၆၀ ကျော်သွားကြိုလာခဲ့ကြောင်း၊ ဘုန်းကြီးကျောင်းစစ်ရှောင်စခန်းမှာ လူတွေပြည့်ကျပ်နေလို့ မိုးမောက်မြို့ပေါ်က အိမ်အလွတ်၊ အခန်းလွတ်ရှိတဲ့ အိမ်ရှင်တွေဆီ အလှူခံကာ သူတို့ကိုနေရာချထားပေးရတယ်လို့ စစ်ဘေးရှောင်ကူညီသူက ပြောပါတယ်။ 

မိုးမောက်မြို့ပေါ်မှာ စစ်ဘေးရှောင် ၁၀၀၀ ကျော်ရောက်ရှိနေလို့ စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေပြီး အခုဆောင်းဥတုထဲဝင်ရောက်လာသလို ဘုန်းကြီး ကျောင်းသမံသလင်းတွေပေါ်မှာ အိပ်စက်ရတာကြောင့် နေမကောင်းသူတွေလည်းရှိပြီး အနွေးအထည်နဲ့ စောင်တွေလည်း အကူအညီလိုအပ်နေတယ်လို့ ဆိုပါတယ်။ 

ရပ်နီးရပ်ဝေး စေတနာရှင်တွေအနေနဲ့ မိုးမောက်စစ်ဘေးရှောင်တွေကို ဖုန်းနံပါတ် ၀၉ ၄၀၂ ၆၆၈၈ ၇၆  ကို ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ ဆိုပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013