ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ ဒေသခံတယောက်ကို စစ်ကောင်စီတပ်က ULA/AA နဲ့ ဆက်စပ်တယ်လို့ စွပ်စွဲပြီး အောက်တိုဘာ ၂၉ ရက် ညမှာ ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စေတီတောင်ရပ်ကွက်က အသက် ၃၄ နှစ်အရွယ် ကိုနေမင်းနိုင် (ခ) တိုးတိုးကို မနေ့ည ၁၀ နာရီလောက်မှာ ကျောက်ဖြူ အခြေစိုက် ခလရ(၃၄)က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံ တယောက်က ပြောပါတယ်။
“ကိုနေမင်းနိုင်က လျှပ်စစ်ပစ္စည်း ပြုပြင်ရေးလုပ်ငန်း လုပ်နေသူ တယောက်ပါ။ သတင်းပေးတွေရဲ့ မဟုတ်မမှန် သတင်းပေးတာကြောင့် ဖမ်းဆီးခံရတာ။ သူ့ကို ကျောက်ဖြူ မြို့မရဲစခန်း စစ်ကြောရေးကို ခေါ်ဆောင်သွားကြတယ်။”
ကျောက်ဖြူမြို့နယ်မှာ အောက်တိုဘာ ၂၅ နဲ့ ၂၆ ရက်တွေမှာလည်း မြေစာရင်းဦးစီး တယောက်နဲ့ မြေတိုင်းစာရေး ၃ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သလို ULA/AA နဲ့ ဆက်စပ်တယ်လို့ စွပ်စွဲပြီး ဖမ်းဆီးခံရသူ ၃၀ ထက် မနည်းရှိပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေတွေနဲ့ အမှုဖွင့်ခံထားရပါတယ်။