
မကွေးတိုင်း ရေစကြိုမြို့နယ် ကျေးရွာ ၄ ရွာကို အောက်တိုဘာ ၂၉ ရက်နေ့မှာ စစ်ကောင်စီစစ်ကြောင်းက မီးရှို့ခဲ့တာကြောင့် အိမ်ခြေ ၂၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာ ၂၈ ရက်မှာ သံပြားကျင်းရွာကို စဝင်ပြီး အောက်တိုဘာ ၂၉ ရက်က မနက် ၅ နာရီကနေ ည ၁၂ နာရီအထိ စိုင်သေရွာ၊ သံပြာချောင်းရွာ၊ မြေမလှရွာနဲ့ ခံစပ်တောကျေးရွာတွေကို လေးဘက်လေးတန်ကနေ မီးရှို့ခဲ့ကြတယ်လို့ သံပြာချောင်းရွာဒေသခံ တယောက်က ပြော ပါတယ်။
စိုင်သေကျေးရွာ ဒေသခံအမျိုးသမီးတဦးက “သူတို့တွေ ရွာနဲ့ ၂ မိုင်လောက်အကွာမှာ ရောက်နေပြီလို့ သိရတော့ တောထဲတွေကို ထွက်ပြေးတိမ်းရှောင်ကြတယ်။ လက်နက်ကြီးတွေနဲ့ ပစ်ပြီး စစ်ကြောင်းထိုးလာတော့ ရွာနားမှာ မနေရဲကြတော့ ဘေးလွတ်ရာကို PDF တွေက ပို့ဆောင်ပေးကြတယ်” လို့ ပြောပါတယ်။
အောက်တိုဘာ ၂၉ ရက် မနက် ၄ နာရီခွဲလောက် စတင်မီးရှို့ခဲ့တာကြောင့် စိုင်သေကျေးရွာက အိမ်ခြေ ၄၅ အိမ်၊ သံပြာချောင်းရွာကအိမ်ခြေ ၈၀ နီးပါး၊ နေ့လယ်ပိုင်းမှာ မြေမလှကျေးရွာက အိမ်ခြေ ၅၀ ကျော်လောက်နဲ့ ည ၁၂ နာရီလောက်မှာ ခံစပ်တောရွာက အိမ်ခြေ ၃၀ ထက်မနည်း မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီ စစ်ကြောင်ထိုးလာကြောင်း ကာကွယ်ရေးတပ်ဖွဲ့တွေက ခရာမှုတ် သတိပေးတာကြောင့် အဝတ်တထည် ကိုယ်တခုနဲ့ ထွက်ပြေးကြရကြောင်း၊ သက်ကြီးဘိုးဘွားတွေကိုတော့ ကားတွေနဲ့ စီစဥ်ပေးပြီး လမ်းလျှောက်နိုင်တဲ့သူတွေက ခြေလျင်၊ တချို့ကတော့ ဆိုင်ကယ်တွေနဲ့ ထွက်ပြေးခဲ့ကြရတယ်လို့ ဒေသခံတွေက ပြောပြောပါတယ်။
မကွေးတိုင်းအတွင်း စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ သြဂုတ် ၂၅ ရက်အထိ အိမ်ခြေ ၅၄၁၈ လုံးကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ Data For Myanmar က သြဂုတ် ၂၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။