Home
မြန်မာသတင်း
ကားရေဆေးဆီထိုးဆိုင်ထဲ လက်နက်ကိုင်အဖွဲ့ ဝင်ရောက်တိုက်ခိုက်သဖြင့် ၃ ဦး သေဆုံး
DVB
·
October 30, 2022
312425181_190075350187677_5710142005237328109_n

စစ်ကိုင်းတိုင်း  မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်၊ အမှတ် ၁ နယ်မြေ၊ အေးရိပ်သာလမ်းမှာရှိတဲ့ စန်းမင်းကို ကားရေဆေးဆီထိုးဆိုင်ကို အောက်တိုဘာ ၂၉ ရက် ညနေ ၄ နာရီက  ဗုံး၊ သေနတ်နဲ့ ပစ်ခတ်တာကြောင့်  လူ ၃ ယောက် သေဆုံးခဲ့တယ်လို့ မုံရွာနာရေးကူညီမှုအသင်းအဖွဲ့ဝင်တဦးက ပြောပါတယ်။

အခုလို ပစ်ခတ်ခံရတာကြောင့် ဆိုင်ပိုင်ရှင် ဒေါ်ကြင်နု (၄၅နှစ်)၊ ဦးမြတ်နိုးကျော် (၅၁ နှစ်) နဲ့ ဦးကျော်ဌေး (၇၆ နှစ်)တို့ သေဆုံးသွားပြီး ဘယ်အဖွဲ့အစည်းက လာရောက် ပစ်ခတ်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

လူမှုကူညီရေးသမားတဦးက “ဖြစ်တာက ညနေပိုင်းလောက်ဖြစ်တာ။ အသင်းကားနဲ့ သွားတော့ သေနတ်မှန်ထားတဲ့ အလောင်း ၃ လောင်း သယ်ပြီး မုံရွာဆေးရုံ ပို့ပေးလိုက်တယ်။ ဘာကြောင့် ဘယ်လို ဖြစ်တယ်လိုတော့ မသိဘူး” လို့ ပြောပါတယ်။

မျက်မြင်တဦးက “ပေါက်ကွဲမှု မဖြစ်ခင်  ပတ်ဝန်းကျင်က ပုံမှန်အတိုင်း သွားလာနေကြတယ်။ ပေါက်ကွဲသံလည်းကြားရော ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တယ်။ ဆိုင်ထဲကနေ ရုပ်ဖျက်ထားတဲ့ သေနတ်ကိုင်လူတွေ ပြန်ထွက်လာတယ်။ အဖွဲ့ထဲမှာ ကောင်မလေးတွေပါ ပါတယ်။ မဆိုင်သူတွေ အနားမကပ်ကြနဲ့လို ပြောတဲ့သူက ပြောတယ်။ ကျမတို့လည်း အသာလေး ငြိမ်နေရတယ်” လို့ ‌ပြောပါတယ်။

မုံရွာမြို့ပေါ်မှာ အောက်တိုဘာ ၁ ရက်ကစပြီး လက်နက်ကိုင်တချို့ရဲ့ ဝင်ရောက်ပစ်ခတ်မှုကြောင့်  သေဆုံးသူ ၆ ယောက်အထိ ရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024