
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှာ အောက်တိုဘာ ၂၉ ရက် ညနေပိုင်းက စစ်ကောင်စီ တပ်ကို ရက္ခိုင့်တပ်တော်(အေအေ)က ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက်သေဆုံးခဲ့တယ်လို့ အေအေနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
မင်းပြားမြို့နယ် အောင်မင်္ဂလာတောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ အင်အား ၃၀ လောက်ဟာ ညနေပိုင်းမှာ တောင်ပုံတောင်ဘက်ကို ရိက္ခာသွားပို့ချိန် အေအေက ကြားဖြတ် တိုက်ခိုက်ခဲ့လို့ ၁၅ မိနစ်လောက်တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
ရက္ခိုင့်တပ်တော်ဘက်က စနိုက်ပါနဲ့ ပစ်ခတ်လိုက်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက် သေဆုံးခဲ့ပြီး အေအေရဲဘော်တွေကတော့ အထိခိုက် အကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ အေအေနဲ့ နီးစပ်သူက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်းမှာ အောင်မင်္ဂလာတောင်မှာ စွဲထားတဲ့တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့သလို မင်းပြားမြို့နဲ့ အနီးပတ်ဝန်းကျင်တွေကိုလည်း တညလုံး လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။
မနေ့က ညနေ ၄ နာရီလောက်မှာ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်ထဲက ရွာတွေကိုလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဘူးသီးတောင်မြို့နယ်က ဂူတာပြင်နဲ့ ကျောက်စာတိုင်ရွာကြားကို တိုက်လေယာဉ် ၂ စီးနဲ့ လာရောက် ဗုံးကြဲခဲ့သလို ဘူးသီးတောင်အခြေစိုက် တပ်မကလည်း မယူတောင်တန်း ဘက်ကို လက်နက်ကြီးတွေနဲ့ နေ့စဥ်ရက်ဆက် ပစ်ခတ်နေလို့ ကျေးရွာတချို့ထဲ ကျရောက်ပေါက်ကွဲကာ ထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့ သိရပါတယ်။
ဒ့ါအပြင် ရသေ့တောင်မြို့နယ်ထဲက ခရုချောင်း၊ ရေကြောင်းချောင်းနဲ့ ငှက်ပျောချောင်းနားကို တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တယ်လို့ ရသေ့တောင် ဒေသခံက ပြောပါတယ်။
ငှက်ပျောချောင်းရွာနားမှာ အောက်တိုဘာ ၂၈ ရက်က စစ်ကောင်စီတပ်နဲ့ အေအေတို့ တိုက်ပွဲဖြစ်ပွားခဲ့ကာ မူဆလင်ရွာ တခုမှာ ပိတ်မိနေတာကြောင့် လေကြောင်းနဲ့ လာရှင်းပေးတာလို့ သိရပါတယ်။
လေကြောင်း တိုက်ခိုက်တာကြောင့် ကျေးရွာတွေကို ကျရောက်ပေါက်ကွဲပြီး ထိခိုက်တာတွေ ရှိနိုင်ပေမယ့် ပျက်စီးမှု အခြေအနေကို အတိကျ မသိရသေးပါဘူး။