
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ရှုံးရှီရွာသား ၅ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီး အောက်တိုဘာ ၂၉ ရက်မှာ ပြန်လွှတ်ပေးလိုက်တယ်လို့ ရွာခံတွေက ပြောပါတယ်။
ရှုံးရှီရွာအတွင်း အောက်တိုဘာ ၂၆ ရက်မှာ စစ်တပ်က စစ်ကြောင်းထိုးစဉ် တောတွင်း တနေရာမှာ ဦးမောင်ထိုက် (၆၃နှစ်)၊ ဦးဝင်းလွင် (၅၀)နှစ်၊ ဦးဆန်းဝင်း(၄၇)နှစ်၊ ဦးကျော်သင်း (၄၄နှစ်)နဲ့ ဦးသန်းလှိုင် (၅၀နှစ်)တို့ကိုစစ်ကြောင်းနဲ့အတူ ခေါက်ခူရွာအထိ ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။
ဂန့်ဂေါနယ်က ဒေသခံ တဦးက "ဖမ်းဆီးခံရသူ ရှုံးရှီရွာသားတွေကို ခေါက်ခူရွာက ဘုန်းကြီးကျောင်းဝင်းမှာ ကြိုးတွေ ဖြေပေးထားခဲ့တယ်။ စစ်ကြောင်း ပြန်ထွက်သွားပြီမှ မိသားစုတွေက ခေါက်ခူရွာထိ သွားရောက် ခေါ်ဆောင်ခဲ့ကြတာ။ ဖမ်းဆီးခံရသူအားလုံး အကောင်းပကတိ ရှုံးရှီရွာကို ပြန်ရောက်သွားပြီ"လို့ ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ လမ်းကြောင်း တလျောက်မှာ ဂန့်ဂေါ PDF တပ်ဖွဲ့တွေနဲ့ ရက်ဆက် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါသေးတယ်။
စစ်ကြောင်းဟာ အောက်တိုဘာ ၂၉ ရက် နေ့လယ်မှာ ခေါက်ခူကျေးရွာကနေ ဂန့်ဂေါမြို့ ခလရ (၅၀) ထဲကို ပြန်လည်ဝင်ရောက်သွားပြီဖြစ်ကာ စစ်ကြောင်း စထွက်တုန်းက ကား ၂ စီး အပြည့် ဖြစ်ပေမဲ့ ပြန်ဝင်လာတဲ့အခါမှာ အင်အား ၄၀ လောက်သာ ကျန်တော့တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။