
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ဝင်၊ စည်ပင်သာယာရေးဥက္ကဋ္ဌ ဦးစိုးပိုင်ရဲ့ နေအိမ်ကို အောက်တိုဘာ ၂၉ ရက်ည ၈ နာရီလောက်မှာ ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း PSTF အဖွဲ့က သိရှိရပါတယ်။
ဦးစိုးပိုင်ဟာ စစ်ကောင်စီအလိုကျ ဒေသခံပြည်သူတွေကို မတရားဖိနှိပ်နေတာ၊ စည်ပင်အောက်ရှိ ဈေးဆိုင်တွေကို မတရားအခွန်ကောက်နေတာကြောင့် ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ PSTF အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
“ဦးစိုးပိုင်ဟာ ပုသိမ်မြို့မှာ စည်ပင်အခွန်ကောက်တဲ့ကိစ္စကို လုပ်ပိုင်ခွင့်ထက် ကျော်လွန်လုပ်ဆောင်နေတယ်၊ ဈေးဆိုင်တွေမှာ စည်ပင်အခွန်ကိစ္စနဲ့ ပတ်သက်လို့ စိတ်မထင်သလို တရားစွဲတာနဲ့ အတင်းအဓမ္မဖိအားပေး အခွန်ကောက်ခံနေတာကြောင့် အခုလိုတိုက်ခိုက်တာ။”
ဗုံးခွဲတိုက်ခိုက်မှုအပြီးမှာ ဦးစိုးပိုင်အပါအဝင် လူတွေထိခိုက်ဒဏ်ရာရတဲ့ အခြေအနေ မသိရေးသေးဘဲ အခင်းဖြစ်ရာရပ်ကွက်ကို စစ်တပ်နဲ့ ရဲတွေရောက်ရှိလာပြီး လမ်းပိတ်စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဦးစိုးပိုင်းဟာ စစ်ကောင်စီ လက်အောက်ခံ စည်ပင်သာယာအဖွဲ့ ရဲ့ ဥက္ကဋ္ဌ တာဝန်ယူပြီး စစ်တပ်နဲ့ ပူးပေါင်းကာ ပြည်သူတွေကို ခြိမ်းခြောက်နေသလို စည်ပင်သာယာလုပ်ငန်းတွေလုပ်တာထက် အာဏာပြတာ ပိုများနေတယ်လို့ ပုသိမ်မြို့ခံတစ်ယောက်က ပြောပါတယ်။
အဆိုပါဗုံးခွဲတိုက်ခိုက်ကို နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် လုပ်ဆောင်တာဖြစ်ပြီး ပထမအကြိမ် Mytel ရုံးကို ဗုံးခွဲတိုက်ခိုက်ခဲ့ပြီး အခုတကြိမ်က ဒုတိယ အကြိမ် ဖြစ်ပါတယ်။