DVB Logo
Home
မြန်မာသတင်း
ကံပေါက်ဒေသအတွင်း စစ်ဆေးရေး တင်းကျပ်
DVB
·
October 29, 2022
ကံပေါက်ဒေသအတွင်း  စစ်ဆေးရေး တင်းကျပ်
Donate to DVB

တနင်္သာရီတိုင်း  ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသရှိ ကျေးရွာတွေက လမ်းဆုံလမ်းခွ တွေမှာ အခုရက်ပိုင်း စစ်ကောင်စီတပ်တွေ  အင်းအားတိုးပြီး စစ်ဆေးတာနဲ့ မသင်္ကာတဲ့ အိမ်တွေကို  စစ်ဆေးနေတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။

ကံပေါက်ဒေသက ယာဉ်မောင်း တဦးက “ခါတိုင်းစစ်နေကျ သစ်တောရုံးလမ်းဆုံ၊ တောင်ရင်းအင်း လမ်းဆုံ၊ ပြင်ကြီးလမ်းဆုံးနဲ့ အုန်းပင်ကွင်းလမ်းဆုံတွေမှာ အင်အားပို တိုးပြီးချထားတယ်။ အောက်တိုဘာ ၂၈ ရက်လည်း ဂန့်ဂေါ်တောင်ရွာက အိမ်တအိမ်ကို ဝင်စစ်သေးတယ်။ ဖမ်းခံရတာ မျိုးတော့ မရှိဘူး” လို့ ပြောပါတယ်။

အောက်တိုဘာ ၂၆ ရက်ညနေက ကံပေါက်ရွာ၊ စက်ကုန်းရပ်ကွက်မှာ လူစုလူဝေးဖြစ်နေတဲ့ နေအိမ် တလုံးကို ရေတပ်က စစ်သားတွေ ဝင်ဝိုင်းပြီး စစ်ဆေးရာ ဖဲဝိုင်းဖြစ်နေပြီး ငွေသားတွေ သိမ်းဆည်းသွားကာ နောက်ထပ် လူစုလူဝေးနဲ့ ဖဲမဆော့ကြဖို့ သတိပေးခဲ့တယ်လို့ အဲဒီ ရပ်ကွက်နေသူတွေက ပြောပါတယ်။

ဒါ့အပြင် ကံပေါက်တိုက်နယ်အောက်ဖက်ကျေးရွာတွေဖြစ်တဲ့ ဇာဒီအုပ်စု၊ သဲချောင်းအုပ်စုနဲ့ ဖောင်းတောအုပ်စုတွေမှာလည်း စစ်ကားတွေ အခုရက်ပိုင်း ခပ်စိပ်စိပ် ရောက်လာပြီး ရှာဖွေနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကံပေါက်ရွာသားတဦး “အခုလို စစ်ဆေးတင်းကျပ်နေတာဟာ မောရဝတီရေတပ်က ရေတပ်သားတွေ ထပ်ထွက်ပြေးတဲ့ သတင်းနဲ့ ဆက်စပ်နေတယ်” လို့ ဆိုပါတယ်။

အောက်တိုဘာ ၂၆ ရက်မှာ မောရဝတီရေတပ်က ရေတပ်သား ၅ ယောက် ကင်းစောင့်ရင်း ထွက်ပြေးတယ်လို့ သတင်းထွက်ပေါ်နေပေမဲ့ သီးခြားအတည်ပြုနိုင်တာတော့ မရှိပါဘူး။

မောရဝတီရေတပ်က ရေတပ်သားတွေ ထွက်ပြေးတဲ့ သတင်းဟာ ကံပေါက်ဒေသမှာ တလတခါ ပုံမှန်နီးပါး ကြားနေရပြီး အခုနှစ်အတွင်း ထွက်ပြေးတဲ့ မောရဝတီရေတပ်က  တပ်သားတွေဟာ လည်း တော်လှန်ရေး အင်အားစုတွေဘက်ကို ရောက်ရှိသွားတာမျိုး မတွေ့ရသေးပါဘူး။

အာဏာသိမ်းပြီး ၇ လအကြာ ပြီးခဲ့တဲ့နှစ်စက်တင်ဘာလကတော့ မောင်းမကန် ဘုတ်ကျွန်းမှာ တာဝန်ကျတဲ့ မောရဝတီရေတပ်က တပ်သား ၇ ယောက် လွက်မြောက်နယ်မြေရောက်ပြီး CDM ဝင်ခဲ့တယ်လို့ ကူညီပေးခဲ့သူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013