DVB Logo
Home
မြန်မာသတင်း
အမျိုးသားစာပေတသက်တာဆု စစ်ကောင်စီ ဩဇာခံဘက်ယိမ်း စာရေးဆရာ ၄ ဦးကို ရွေးချယ် ပေးအပ်
DVB
·
October 29, 2022
အမျိုးသားစာပေတသက်တာဆု စစ်ကောင်စီ ဩဇာခံဘက်ယိမ်း စာရေးဆရာ ၄ ဦးကို ရွေးချယ် ပေးအပ်
Donate to DVB

၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေဆု တသက်တာစာပေဆု ရရှိသူတွေကို ထုတ်ပြန်ရာမှာ အကြမ်းဖက်စစ်ကောင်စီဩဇာခံ ဘက်ယိမ်းစာရေးဆရာ ဆရာမတွေဖြစ်ကြတဲ့ တက္ကသိုလ်မြတ်သူ၊ မြင်းမူမောင်နိုင်မိုး၊ ဒေါက်တာမျိုးသန့်တင်နဲ့ ဒေါက်တာမတင်ဝင်းတို့ ၄ ယောက်ကို ရွေးချယ်ပေးအပ်ခဲ့တာကို တွေ့ရပါတယ်။

အဆိုပါ စာရေးဆရာတွေကို “မြန်မာစာပေအကျိုးကို ထူးချွန်ပြောင်မြောက်စွာ တစ်သက်လုံးအားထုတ်ရေးသားပြုစုခဲ့သော ဆောင်ရွက်ချက်များကို နိုင်ငံတော်က အသိအမှတ်ပြုသောအားဖြင့် ၂ဝ၂၁ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုရှင်များအဖြစ် ရွေးချယ်ချီးမြှင့်လိုက်တယ်” လို့ စစ်ကောင်စီ လက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနက ဖော်ပြထားခဲ့ပေမယ့် သူတို့ဟာ လက်ရှိရင်ဆိုင်နေရတဲ့ နိုင်ငံတော်အာဏာ ကို မတရားသိမ်းယူခံခဲ့ရတဲ့ အခြေအနေအပေါ် အကြမ်း ဖက်စစ်ကောင်စီဘက် ရပ်တည်ခဲ့ကြသူတွေ ဖြစ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ထုတ်ဝေသူတယောက်က ပြောပါတယ်။

“ကျနော့်တိုက်က ထုတ်တဲ့အထဲ ဒီလိုအောက်တန်းစား စာရေးဆရာဆရာမတွေရဲ့ စာအုပ်တွေကို မထုတ်ခဲ့ဖူးတဲ့အတွက် လိပ်ပြာလုံတယ်။ ခုရွေးပေးထားတဲ့ ၄ ယောက်လုံးကို ကြည့်လေ။ ဘယ်ဘက်ကမှ လေးစားယုံကြည်စရာ တစက်မှ မရှိတဲ့သူတွေ။ မတရားအာဏာသိမ်းပြီး မီဒီယာတွေကို ဖိနှိပ်၊ ဖမ်းဆီး၊ သတ်ဖြတ်လုပ်နေတာတောင် မီဒီယာကောင်စီဥက္ကဋ္ဌ တက်လုပ်ရဲတဲ့ စစ်ကောင်စီဘောမစစ်စစ်လည်း ပါနေတာဆိတော့ စဉ်းစားသာကြည့်တော့။ အရင်ခေတ်မှာရော အရပ်သားအစိုးရ ခေတ်မှာပါ အမှန်တရားဘက်က မရပ်တည်ပဲ ပြည်သူကို မှိုင်းတိုက်ဝါဒဖြန့် ရေးခဲ့ကြတဲ့ ဒီလူတွေ။ ခုလိုအချိန်မှာ (-) တွေက ချီးမြှင့်ပါတယ် ဆိုတဲ့ ဒီဆုကို လက်ခံတာကိုလည်း အံ့ဩရတယ်။ ရှင်းရှင်းပြောရရင် သူခိုးဓားပြပေးတဲ့ ဆုတက်ယူကြမယ့် တသက်တာ အမျိုးသားသစ္စာဖောက်ဆုပေါ့ဗျာ။”

အကြမ်းဖက်စစ်ကောင်စီက အမျိုးသားစာပေတသက်တာဆုအတွက် တဆုကို ဆုငွေ ကျပ် သိန်း ၁၀၀ ချီးမြှင့်မှာဖြစ်ပြီး ကျန်တဲ့အမျိုးသားစာပေဆုတွေကိုတော့ ဆုငွေကျပ်သိန်း ၃၀ စီ ချီးမြှင့်မယ်လို့ ထုတ်ပြန်ထားကာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်မှာတော့ ဦးမောင်မောင်လတ်(နောင်)၊ ဦးစိန်လှိုင်(သူရဇော်)နဲ့ ဒေါ်ချိုချိုတင်(မစန္ဒာ)တို့ကို ရွေးချယ်ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်ရင်း တိမ်းရှောင်နေရတဲ့ စာရေးဆရာတယောက်ကတော့ “ကျနော်ကတော့ ဆုဆိုတာကို အယုံအကြည်မရှိ၊ လက်မခံတတ်တဲ့သူမျိုးထဲ ပါနေလို့လားတော့ မသိဘူးဗျာ။ ပုံမှန်အခြေအနေမှာတောင် ဆုရတဲ့သူ၊ ဆုရွေးတဲ့သူ၊ ဆုပေးတဲ့စာအမျိုးအစား၊ ဒါတွေအားလုံး တလွဲတချော် ပေါက်တတ်ကရတွေနဲ့ စံလွဲနေတဲ့ နိုင်ငံဆိုတော့ ခုလိုဆုချီးမြှင့်တာ၊ လက်ခံတာ ဆိုတာမျိုးတွေ သိပ်ကြီးခံစားနေဖို့တော့ မလိုဘူးထင်ပါတယ်။ ခုရွေးထားတဲ့ စာရေးဆရာ ၄ ယောက်၊ သူတို့ရေးသားခဲ့တဲ့ထဲ တကယ် မြန်မာစာပေအကျိုးသယ်ပိုးထားသလားဆိုတာ သမိုင်းက အဆုံးအဖြတ်ပေးမှာမို့ ကျနော်တို့ နိုင်တဲ့နေရာကသာ ပါကြရအောင်ပါ။ မှတ်သားသင့်တာ မှတ်သား၊ ဖယ်ကြဉ်သင့်တာ ဖယ်ကြဉ်ပြီးတော့ စစ်ခွေးတသိုက်ကို မောင်းထုတ်ကြစို့လို့ပဲ ပြောချင်ပါတယ်” လို့ ဆိုပါတယ်။

အမျိုးသားစာပေ တသက်တာဆုကိုတော့ မြန်မာစာပေအကျိုးကို ထူးချွန်ပြောင်မြောက်စွာ တသက်တာလုံး အားထုတ်ရေးသားပြုစုခဲ့တဲ့ စာရေးဆရာကြီးတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ချီးမြှင့်တာဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ မြန်မာနိုင်ငံဘာသာပြန်စာပေအသင်းက စတင် ချီးမြှင့်ခဲ့တဲ့ ဒီဆုကို ၁၉၄၈ ခုနှစ်မှ ၁၉၆၁ ခုနှစ်အထိ စာပေဗိမာန်ဆုအမည်နဲ့ ချီးမြှင့်ခဲ့ပြီး ၁၉၆၂ ခုနှစ်မှာတော့ အနုပညာစာပေ ဆိုင်ရာဆုလို့ အမည်ပြောင်းခဲ့တာပါ။ အဲဒီနောက် ၁၉၆၅ ခုနှစ်ကစတင်ပြီး အမျိုးသား စာပေဆုအမည်နဲ့ ပြောင်းလဲချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာန၊ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီက ပြီးခဲ့တဲ့ ၂ဝ၂၁ ခုနှစ်အတွင်း ပထမအကြိမ်ထုတ်ဝေခဲ့တဲ့ စာအုပ်တွေထဲက စိစစ်ရွေးချယ်ခဲ့တာဖြစ်ပြီး အမျိုးသားစာပေဆု ဝတ္ထုတိုဆုမှာ မင်းခိုက်စိုးစန်ရေးသားတဲ့ ဂျစ်ကန်ကန်ဝတ္ထုတို‌များစာအုပ် (ငါတို့စာပေတိုက်)၊ စာပဒေသာဆုမှာ စိုးတင့် (ဧရာဝတီ)ရေးသားတဲ့ ဖိုးထောင်ဇာတ် လမ်းစုံစာအုပ် (နိုင်ငံ့ဂုဏ်ရည်စာပေတိုက်)၊ မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆုမှာတော့ ရွှေကူနန်းနွဲ့နွဲ့ ရေးသားတဲ့ ညောင်ရမ်းခေတ်ဝန်ကြီးပဒေသရာဇာ၏ မဏိကက်ပြဇာတ်ကို တေးဂီတရှုထောင့်မှ လေ့လာ ခြင်းစာအုပ် (သစ္စာရောင်ခြည်စာပေတိုက်)၊ လူငယ်စာပေဆုမှာ အကြီးကိုကို(ကသာ)ရေးသားတဲ့ လူငယ် ၁ဝဝ မေးခွန်း ၁ဝဝ အဖြေ ၁ဝဝ စာအုပ် (အကြီးကိုကိုစာအုပ်တိုက်) စတဲ့ စာအုပ်တွေလည်း ပါဝင်နေတာကို တွေ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013