DVB Logo
Home
မြန်မာသတင်း
ဗုံးကြဲမှုတွင်ကျဆုံးသွားသည့် ကချင်တိုင်းရင်းသားများအတွက် ထားဝယ်နှင့် လောင်းလုံးတွင် ဆုတောင်း ညသပိတ်ပြုလုပ် (ဓာတ်ပုံ)
DVB
·
October 29, 2022
ဗုံးကြဲမှုတွင်ကျဆုံးသွားသည့် ကချင်တိုင်းရင်းသားများအတွက် ထားဝယ်နှင့် လောင်းလုံးတွင်  ဆုတောင်း ညသပိတ်ပြုလုပ် (ဓာတ်ပုံ)
1 / 6
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အနန့်ပါမှာ လေကြောင်းတိုက်ခိုက်ခံရလို့ ကျဆုံးခဲ့ရသူတွေနဲ့ ထားဝယ်ပင်မသပိတ်စစ်ကြောင်း အကြမ်းဖက်ပစ်ခတ် ဖြိုခွင်းခံရမှုမှာ  ကျဆုံးခဲ့ရသူတွေအတွက်  ဆုတောင်း ညသပိတ်ကို ကံပေါက်ဒေသက လူငယ်တွေက အောက်တိုဘာ ၂၈ ရက် မနေ့ညက ပြုလုပ်ခဲ့ပါတယ်။

ဆုတောင်းပွဲ ပြုလုပ်သူတဦးက “စစ်ကောင်စီဟာ ပြည်သူတွေအပေါ် တောင်တန်း ပြည်မ ကမ်းရိုးတန်း ခွဲခြားပြီး အကြမ်းဖက်တာမဟုတ်ဘဲ ပြည်သူလူထုကို ရန်သူလို အမြဲဆက်ဆံနေတာကြောင့် ပြည်သူလူထု အချင်းချင်းတသားတည်း ရပ်တည်ရမှာဖြစ်လို့ ကချင်လူထုနဲ့အတူ ရပ်တည်တဲ့အနေနဲ့ရော ထားဝယ်ပင်မသပိတ်ရဲ့အကြမ်းဖက်ဖြိုခွင်းခံရမှု ၁ နှစ် ၈ လပြည့်ကိုပါ မမေ့မလျော့တဲ့အနေနဲ့ရောပြုလုပ်တာပါ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်ဖေဖော်ဝါရီ ၂၈ ရက်က အကြမ်းမဖက်လူထုလှုပ်ရှားမှုအနေနဲ့ လူထုသောင်းချီပါဝင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြနေတဲ့ ထားဝယ်ပင်မသပိတ်စစ်ကြောင်းကို စစ်တပ်က သေနတ်နဲ့ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် ဆန္ဒပြပြည်သူတွေထဲက ကိုဖေသန်း၊ ကိုသန်းဝင်း ၊ကိုလွင်လွင်ဦးနဲ့ ကိုဗညားအောင်တို့ လေးယောက် ကျဆုံးခဲ့ပြီး ဖမ်းဆီးခံရသူနဲ့ ကျည်ဆန်ထိမှန် ဒဏ်ရာရသူတွေ ရှိခဲ့ပါတယ်။

အောက်တိုဘာ ၂၃ ရက်ကလည်း ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ်၊ အနန့်ပါမှာ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၆၂ နှစ်ပြည့် နှစ်ပတ်လည်အကြို တေးဂီတဖျော်ဖြေပွဲကျင်းပတဲ့နေရာကို စစ်တပ်က လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် KIO အမှုထမ်းတွေအပါအဝင် ၈၀ ခန့်သေဆုံးခဲ့ပြီး ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

အဲဒီအကြမ်းဖက်တိုက်ခိုက်ခံရမှုအပေါ် ကချင်လူထုနဲ့အတူရပ်တည်ကြောင်းပြသတဲ့အနေနဲ့ အောက်တိုဘာလ ၂၈ ရက် ည ၈ နာရီခွဲကနေ  ၈ နာရီ မိနစ် ၄၀အထိ မီးပိတ်သပိတ်ကို တနိုင်ငံလုံးအတိုင်းအတာနဲ့  ပြုလုပ်ခဲ့ကြပါတယ်။

ထားဝယ်ခရိုင် သပိတ်အင်အားစုတွေကလည်း “ ကျောက်စိမ်းမြေမှာ သွေးသံတရဲရဲ တနိုင်ငံလုံးမှာ တောက်မဲ့မီးခဲ”ကြွေးကြော်သံနဲ့ ကချင်လူထုနဲ့အတူ ရပ်တည်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေကြပါတယ်။

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာလည်း အခြေခံပညာကျောင်းသားများသပိတ်ကော်မတီ (လောင်းလုံးမြို့နယ်) ကနေ ဦးဆောင်ပြီး မနေ့ညက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှု ညသပိတ်ပြုလုပ်ခဲ့ကြပါတယ်။

"ဖိနှိပ်မှုမှန်သမျှ ရုန်းကြွတော်လှန်ကြ" ကြွေးကြော်သံနဲ့ ပြုလုပ်တဲ့ အဲဒီလှုပ်ရှားမှာ ရွာခံပြည်သူ ၁၀၀ ကျော် ပူးပေါင်းပါဝင်ခဲ့ကြပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးနဲ့ပတ်သက်ပြီး ဟော​ပြော ခဲ့ကြပါတယ်။

ဒီလှုပ်ရှားမှုကို ဦးဆောင်တဲ့ အခြေခံပညာကျောင်းသားများသပိတ်ကော်မတီ (လောင်းလုံးမြို့နယ်)ကတော့ ဖိနှိပ်မှုအောက်ကနေ လွတ်မြောက်ဖို့ တော်လှန်တဲ့အခါမှာ ပင်ပန်းဆင်းရဲရုံမက အသက်ပါပေးဆပ်ရနိုင်ပေမယ့် ပြည်သူတရပ်လုံး လွတ်မြောက်ဖို့အတွက် အတူရုန်းကြွတော်လှန်ကြရမယ်ဆိုပြီး ပြောပါတယ်။

လောင်းလုံးမြို့နယ်ဟာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ အားကောင်း တဲ့ဒေသတွေထဲကတခုဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အင်အားသုံးဖမ်းဆီးမှုတွေလည်း မကြာခဏ ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013