DVB Logo
Home
မြန်မာသတင်း
မောင်တောမြောက်ပိုင်းရှိ နယ်ခြားစောင့်စခန်းအချို့တွင် RSO တပ်ဖွဲ့ ဝင်ရောက်နေရာယူထား
DVB
·
October 28, 2022
မောင်တောမြောက်ပိုင်းရှိ နယ်ခြားစောင့်စခန်းအချို့တွင် RSO တပ်ဖွဲ့ ဝင်ရောက်နေရာယူထား
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းက အေအေတိုက်ယူထားတဲ့ နယ်ခြားစောင့်စခန်းတွေနဲ့ အင်အားနည်းလို့ နောက်ဆုတ်သွားတဲ့ နယ်ခြားမှတ်တိုင် စခန်းတွေမှာ ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) တပ်ဖွဲ့တွေက နေရာယူထားတယ်လို့ မောင်တောမြောက်ပိုင်း ကျေးရွာအများစုက ဒေသခံတွေက ပြောပါတယ်။

ခမောင်းဆိပ်ဒေသခံတယောက်က “အေအေဘက်က တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ နယ်ခြားစောင့် စခန်းတွေမှာ အခု RSO တပ်ဖွဲ့တွေ နေရာယူထားကြတာ တွေ့ရတယ်။ အေအေဘက်က အဲဒီစခန်းတွေမှာ အထိုင်မနေကြဘူး။ လေကြောင်းနဲ့ လာတိုက်နေတော့ ဘယ်နေလို့ရမလဲ။ အခု RSO တပ်တွေ နေထိုင်နေကြတော့ လေကြောင်းနဲ့လည်း လာမတိုက်ဘူး။ အဲဒါက ဒေသခံတွေအတွက် အလွန်စဥ်းစားစရာတခု ဖြစ်နေပါတယ်” လို့ ပြောပါတယ်။

မြန်မာ-ဘင်္ဂလားနယ်စပ် နယ်ခြားမှတ်တိုင် BP ၄၀ မှ ၅၃ အထိ အင်အား ၂၀ နဲ့ ၃၀ ရှိ စခန်းငယ်တွေ ရက္ခိုင့်တပ်တော်ဘက်က သိမ်းနိုင်ခဲ့ပြီး အင်အား ၇၀ နဲ့ ၁၀၀ ကြား စခန်းတွေမှာလည်း အင်အားသွားပေါင်းပြီး နောက်ဆုတ်သွားတာတွေရှိတယ်လို့ ပဥ္စမအကြိမ် သတင်းစာရှင်းလင်းပွဲမှာ အေအေပြောခွင့်ရ ခိုင်သုခက ပြောထားပါတယ်။

မောင်တောမြို့နယ်မြောက်ပိုင်း နယ်မြေ ၄ လိပ်လနယ်ခြားစောင့်စခန်းကို အောက်တိုဘာ ၁၀ ရက် မနက်ပိုင်းမှာ အေအေက တိုက်ခိုက်သိမ်းပိုက်ခဲ့သလို သြဂုတ် ၃၀ ရက်က မိုင်တိုင် ၄၀ နားက နယ်ခြားစောင့်တပ်စခန်း၊ စက်တင်ဘာ ၁၁ ရက်က ခမရ ၃၅၂ တပ်စခန်းနဲ့ စက်တင်ဘာ ၁၅ ရက်က မီးတိုက်ကျေးရွာနားက စစ်ကောင်စီရဲ့ လက်နက်ကြီး အထိုင်ချစခန်းကို သိမ်းယူထားခဲ့ကြတာပါ။

လက်ရှိ မြန်မာ-ဘင်္ဂလားနယ်စပ် နယ်ခြားမှတ်တိုင် BP ၄၀ မှ ၅၃ ကြားရှိ မိုင်တိုင် ၄၅ စခန်းနဲ့ တခြားစခန်း ၃ ခုမှာ ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့အစည်း တပ်ဖွဲ့က နေရာယူထားတယ်လို့ သူတို့ရဲ့ လူမူကွန်ရက်စာမျက်နှာမှာ ဗွီဒီယိုတွေနဲ့ ဖော်ပြထားပါတယ်။

မောင်တောဒေသ စစ်ရေးလေ့လာသူတယောက်က “လယ်ပြင်မှာ ဆင်သွားသလို ရုပ်လုံးကြီး ပေါ်နေတာလေ။ အေအေက စခန်းတွေကို တိုက်ခိုက်ခဲ့တာပဲရှိတယ်။ ဗျူဟာအရ အထိုင်မနေဘူး။ အဲဒီနေရာတွေကို နယ်ခြားစောင့်တွေလည်း ပြန်ပြီး အင်အားမဖြည့်နိုင်တော့ဘူး။ အဲ့ဒါကြောင့် စစ်ကစားဖို့ စစ်ကောင်စီရဲ့ အသုံးတော်ခံ RSO တို့ ARSA တို့ကို စစ်ကောင်စီက နေရာယူခိုင်း ထားတာ” လို့ ပြောပါတယ်။

အဲဒီလို RSO တွေ စစ်ကောင်စီရဲ့ နယ်ခြားစောင့်စခန်းတွေမှာ နေရာယူထားကြပေမဲ့ စစ်ကောင်စီဘက်ကတော့ လေကြောင်းတိုက်ခိုက်မှု တစုံတရာပြုလုပ်တာ မတွေ့ရသေးဘူးလို့ မြောက်ပိုင်းဒေသခံတွေဆီက သိရပါတယ်။

မြန်မာ-ဘင်္ဂလားနယ်စပ်ရှိ အေအေအထိုင်ချရာ လက်ပန်တောင်ဒေသကို သြဂုတ် ၃၀ ရက်မှာ စစ်ကောင်စီတပ်က ၃ ရက်​တိတိ လေကြောင်းနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်တာကြောင့် အေအေဘက်က ကျဆုံးတာတွေရှိသလို စစ်ကောင်စီဘက်ကလည်း ထိခိုက်ဒဏ်ရာရ သေဆုံးတာတွေ ရှိခဲ့တယ်လို့ ရက္ခိုင့်တပ်တော်က သတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိ မောင်တောမြို့နယ်မြောက်ပိုင်း မြန်မာ-ဘင်္ဂလား နယ်ခြားတလျှောက်မှာ စစ်ကောင်စီတပ် အင်အားအလုံးအရင်း ချထားတယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013