စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးအဖွဲ့ကို အောက်တိုဘာ ၂၈ ရက် မနက် ၆ နာရီလောက်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့က သိရပါတယ်။
တိုက်ခိုက်မှုမှာ နာရီဝက်ကျော်လောက်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်က အထိအခိုက် အသေအပျောက် အခြေအနေကို စုံစမ်းနေတယ်လို့ Special Regional Attacks Forces - MWA မှ တာဝန်ရှိသူက ဆိုပါတယ်။
“မနေ့က ပုလဲမြို့နယ်ဘက်မှာ ကျနော်တို့မဟာမိတ်တပ်ဖွဲ့တွေကို စကစက လေကြောင်းနဲ့ လာတိုက်ခဲ့တာရှိတယ်။ ဒါကို လက်တုံ့ပြန်တဲ့အနေနဲ့ ရန်သူတပ်ဖွဲ့ရှိတဲ့ ဘန့်ဘွေးရွာဘက်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တာ။ တသားတည်းဖြစ်တယ်ဆိုတာကို ပြသတာပါ။ စစ်ကောင်စီတပ်ဖွဲ့ဘက်က အထိအခိုက် အသေအပျောက် အခြေအနေကိုတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။”
တိုက်ခိုက်မှုဖြစ်ပွားစဉ် လက်လုပ်လက်နက်ကြီးပြောင်း ကွဲသွားတဲ့အတွက် Special Regional Attacks Forces - MWA မှ တပ်ဖွဲ့ဝင် ၁ ယောက်လည်း လက်နဲ့ခြေထောက်မှာ မစိုးရိမ်ရ ဒဏ်ရာ အနည်းငယ်ရရှိသွားတယ်လို့ သိရပါတယ်။
အောက်တိုဘာ ၂၇ ရက်ကလည်း ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ် ဖလံပင်ကျေးရွာနားမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းပစ်ကူနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။