DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံထုတ် တိုယိုတာပစ်ကပ်ကားများ စျေးအဆမတန်ကြီးမြင့်နေ
DVB
·
October 28, 2022
မြန်မာနိုင်ငံထုတ် တိုယိုတာပစ်ကပ်ကားများ စျေးအဆမတန်ကြီးမြင့်နေ
Donate to DVB

မြန်မာပြည်မှာ SKD (Semi Knock Down) စနစ်နဲ့ လာရောက်ထုတ်လုပ်တဲ့ တိုယိုတာကားတန်ဖိုးဟာ ထိုင်းနိုင်ငံထုတ် ပုံစံတူ ကားတန်ဖိုးနဲ့ယှဉ်ရင်  ဈေးနှုန်း နှစ်ဆနီးပါး ရှိနေတယ်လို့ ကားဝယ်ရောင်းလုပ်ကိုင်သူတွေက ပြောပါတယ်။

တိုယိုတာကားကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ ကားထုတ်လုပ်မှုနဲ့ပတ်သက်ပြီး လုပ်ငန်းတွေ စတင်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ သြဂုတ်လနှောင်းပိုင်းကတည်းက သူတို့ရဲ့ လုပ်ငန်းဆိုင်ရာ စီမံချက်ကို သီလဝါအထူးစီးပွားရေးဇုန် အာဏာပိုင်တွေဆီ တင်ပြထားပြီး ဖြစ်ပါတယ်။

ဒါကြောင့်ပဲ ပြီးခဲ့တဲ့ရက်ပိုင်းက ရေးသားဖော်ပြခဲ့တဲ့ ဂျပန်အခြေစိုက် Nikkei Asain သတင်းစာရဲ့ အဆိုအရ လုပ်ငန်းသုံး ပစ်ကပ်အမျိုးအစား မော်တော်ယာဉ်တွေ တပ်ဆင် ထုတ်လုပ်တဲ့ လုပ်ငန်းကို စက်တင်ဘာလကတည်းက အသေးစား စတင်ထုတ်လုပ်နေပြီး လစဉ် ပျမ်းမျှ ဒါဇင်ခန့် ထုတ်လုပ်နိုင်မယ်လို့ မျှော်မှန်းထားပါတယ်။ ဒီ့အတွက် အမှာစာတွေကို စတင်လက်ခံနေပြီလို့ ဆိုပါတယ်။

ဒါပေမဲ့ မြန်မာပြည်ကားဈေးကွက်မှာ ထုတ်လုပ်ရောင်းချမယ့် တိုယိုတာကားတန်ဖိုးဟာ ထိုင်းနိုင်ငံထုတ် မော်ဒယ်တူ ပုံစံတူ ကားတန်ဖိုးနဲ့ယှဉ်ရင် နှစ်ဆနီးပါး ရှိနေတာကြောင့် ကားတန်ဖိုးကို ဆွဲတင်ထားတာ ဖြစ်နိုင်တယ်လို့ ကားဝယ်ရောင်းလုပ်ကိုင်သူတွေက ထောက်ပြပါတယ်။

ကားအရောင်းစင်တာ ဖွင့်လှစ်ထားတဲ့ လုပ်ငန်းရှင်တယောက်က “ဟုတ်တယ်ဗျ။ အဲ့ဒါက တော်တော်ကြီးကို ပြောစရာဖြစ်နေတယ်။ ထိုင်းမှာ အဲ့ဒါနဲ့ ပုံစံတူ တပုံစံတည်းရှိတဲ့ တိုယိုတာကားက လက်ရှိ ထိုင်းငွေ (ဘတ်) ပေါက်ဈေးနဲ့တွက်လိုက်ရင် သိန်း ၁,၀၀၀ မပြည့်ဘူးဗျ။ အဲ့ဒါ အလွန့်အလွန်ဆုံး တွက်ထားတာနော်။ ဒါပေမဲ့ မြန်မာပြည်မှာ အဲ့ကားက pre order ဈေးကိုပဲ သိန်း ၁,၇၀၀ ရှိပြီး အပြင်မှာပေါက်တဲ့ဈေးက သိန်း ၁,၉၅၀ နဲ့ လာဝယ်တာတောင် ရှိတယ်နော်။ ပြောချင်တာက ဈေးက နှစ်ဆနီးနီး ကွာနေတာ။ ပြီးတော့ ဈေးက အဲ့လိုကွာနေရတဲ့ အကြောင်းရင်းက SKD တွေ သူတို့အချင်းချင်း ညှိလိုက်တာလို့ ကြားတယ်။ ဘာလို့လဲဆို တိုယိုတာက ဈေးချလိုက်လို့ရှိရင် အောက်မှာရှိနေတဲ့ ဆူဇူကီး၊ နစ်ဆန်းနဲ့ ဟွန်ဒိုင်း ကားကုမ္ပဏီတွေကထုတ်တဲ့ SKD ကားဈေးတွေက ဆင်းသွားမှာလေ။ ဒါကြောင့် ဈေးကို ဆွဲတင်ချင်လို့ လုပ်တာလို့ ကျနော်တို့က ယူဆတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

မြန်မာပြည်မှာ စစ်တပ်က အုပ်ချုပ်ခဲ့တဲ့ ကာလတလျှောက်လုံး စီးနင်းခွင့်ပါမစ်ကို ထိန်းချုပ်ထားတဲ့ အကျိုးဆက်ကြောင့် ကားတန်ဖိုးဟာ လက်တဆုပ်စာ လူတန်းစားတွေရဲ့ ခြယ်လှယ်မှုအောက်မှာသာ ရှိနေရတယ်လို့ ကားဝယ်ရောင်းလုပ်ကိုင်သူတွေက ဆိုပါတယ်။

လုပ်သက်ရင့် ကားဝယ်ရောင်းသမားတယောက်က “အခုဖြစ်နေတာက သိန်း ၁,၇၀၀ (Pre order) ဆိုတာ လူတိုင်း ဒီဈေးနဲ့ ဝယ်လို့မရဘူးနော်။ ရတဲ့သူက သတင်းမထွက်ခင် ကတည်းက ခွဲတမ်းကို အကုန်လုံးက ယူထားပြီးသား။ ရှင်းရှင်းပြောရရင် ပေါပေါလောလော မထုတ်ခင်ကတည်းက ဈေးကွက်ထဲမှာ ကြိုရောင်းထားပြီးသား။ လူတိုင်း သိန်း ၁,၇၀၀ နဲ့ ဝယ်လို့ရတယ်ဆိုရင် အလွန်ဆုံးကွာ သိန်း ၅၀ ပေါ့။ အခုက သိန်း ၁,၇၀၀ နဲ့ ရောင်းတဲ့ကားကို သိန်း ၁,၉၀၀ နဲ့ ၂,၀၀၀ အထိ ဈေးပေါက်နေတာ။ အဲ့ဒါကလည်း ဘယ်သူတွေလက်ထဲ ရောက်နေလဲ ကြည့်လိုက်ရင် သူတို့လူတွေ လက်ထဲမှာချည်းပဲ။ ရှင်းရှင်းပြောရရင် သူတို့ လက်တဆုပ်စာလူတွေပဲ သတင်းအချက်အလက်ကို ကြိုရထားတာ။ ဘာလို့လဲဆို သူတို့က မူဝါဒချမှတ်တဲ့သူတွေလေ။ အဲ့တော့ သူတို့ကပဲ သတင်းအချက်အလက်ကို ကြိုရထားတာကြောင့် မူဝါဒမချခင်ကတည်းက လက်ဝါးချင်း ရိုက်ထားပြီးပြီ။ ကျနော်တို့ အပြင်လူက ဘယ်သိနိုင်ပါ့မလဲ။ တရားဝင် စာထုတ်လိုက်ပြီဆိုတဲ့အချိန်မှာ သူတို့လက်ထဲမှာ ကားတွေ အကုန်လုံးယူထားလိုက်ပြီးပြီ။ ကိုယ်က ထိပ်ဆုံးက သွားတန်းစီလည်း အလကားပဲ” လို့ ဒီဗွီဘီကို ပြောပါတယ်။

တိုယိုတာကားကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ SKD စနစ်နဲ့ မော်တော်ယာဉ် အစိတ်အပိုင်း တပ်ဆင်ထုတ်လုပ်တဲ့ လုပ်ငန်းကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကတည်းက စတင်ဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပေမဲ့ စစ်အာဏာသိမ်းမှုနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် အချိန် ၁၉ လကြာပြီးမှ မော်တော်ယာဉ်အစိတ်အပိုင်း တပ်ဆင်ထုတ်လုပ်တဲ့လုပ်ငန်းကို စတင်နိုင်ခဲ့တာဖြစ်တယ်လို့ Nikkei Asain သတင်းစာက ရေးသားထားပါတယ်။

အဆိုပါကားကုမ္ပဏီအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် မေလက ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်အရ တနှစ်ကို လုပ်ငန်းသုံး ပစ်ကပ်အမျိုးအစား ကားအစီးရေ ၂,၅၀၀ ထုတ်လုပ်နိုင်ဖို့အတွက် အမေရိကန်ဒေါ်လာ ၅၂ ဒသမ ၆ သန်း ရင်းနှီးမြှုပ်နှံသွားမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013